မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် တစ်နှစ်လျှင် ၁၆ ရာခိုင်နှုန်းခန့် တိုးတက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြောကြား

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် တစ်နှစ်လျှင် ၁၆ ရာခိုင်နှုန်းခန့် တိုးတက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြောကြား
Published 14 March 2018

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် တစ်နှစ်လျှင် ၁၆ ရာခိုင်နှုန်းခန့် တိုးတက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

နေပြည်တော်၌ မတ် ၁၃ ရက်ကပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်တွင် မြို့သစ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသာအောင်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင် လယ်သမားတို့၏ နှစ်စဉ်စိုက်ပျိုးရာမှ ထွက်ရှိလာသော အရိုး၊ အရွက်နှင့် ကိုင်းဖျားကိုင်းနားများကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် အစီအစဉ် ရှိ၊ မရှိနှင့် စပ်လျဉ်းပြီး မေးခွန်းမေးမြန်းခဲ့မှုအပေါ် ဒုတိယဝန်ကြီးက ထိုသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဇီဝလောင်စာသုံး ဓာတ်အားပေးစက်ရုံကို စဉ်ဆက်မပြတ် လည်ပတ်နိုင်စေရန်အတွက် ဇီဝလောင်စာသစ်ပင်များ စဉ်ဆက်မပြတ် စိုက်ပျိုး၍ လောင်စာစုဆောင်းထားခြင်းများ ပြုလုပ်ရန်လိုအပ်ပြီး၊ လယ်သမားများ နှစ်စဉ်စိုက်ပျိုးရာမှ ထွက်ရှိလာသော အရိုး၊ အရွက်နှင့် ကိုင်းဖျားကိုင်းနားများကိုသာ အသုံးပြုမည်ဆိုပါက မဂ္ဂါဝပ်အဆင့်ရှိသော ဇီဝလောင်စာသုံး ဓာတ်အားပေးစက်ရုံများ စဉ်ဆက်မပြတ် လည်ပတ်နိုင်ရေး ခဲယဉ်းမည်ဖြစ်ကြောင်း၊ လေ့လာမှုများအရ တစ်နာရီလျှင် ၁၀၀၀ ကီလိုဝပ် ဓာတ်အားထုတ်လုပ်နိုင်ရန်အတွက် သစ်တစ်တန်နှင့်ညီမျှသော ဇီဝလောင်စာ လိုအပ်မည်ဖြစ်ပြီး ယင်းလောင်စာအတွက် စိုက်ပျိုးမြေဧရိယာ ဧက ၇၀၀ ခန့် လိုအပ်မည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးကုန်ကျစရိတ်သည် တစ်မဂ္ဂါဝပ်လျှင် အမေရိကန်ဒေါ်လာ လေးသန်းခန့် ကုန်ကျမည်ဖြစ်ကြောင်း၊ တစ်ယူနစ်ဓာတ်အားခ ဈေးနှုန်းသည် အမေရိကန် ဒေါ်လာ ၃၆ မှ ၄၀ ထိ ကျသင့်မည်ဖြစ်ပြီး မြန်မာကျပ်ငွေဖြင့် ကျပ် ၄၀၀ မှကျပ် ၅၀၀ ခန့်ကျသင့်မည်ဖြစ်သောကြောင့် ကျေးလက်ဒေသနေ ပြည်သူလူထုအတွက် ဓာတ်အားခဈေးနှုန်းများစွာ ကြီးမြင့်နေမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။

ဆက်လက်ပြီး နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်နိုင်မည့် မဂ္ဂါဝပ်အဆင့်ရှိသည့် တပ်ဆင်ပမာဏကြီးမားသော ဇီဝလောင်စာသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရမည်ဆိုပါက နည်းပညာဆိုင်ရာ ဖြစ်မြောက်နိုင်စွမ်း ရှိ၊ မရှိနှင့် ဓာတ်အားစနစ်တည်ငြိမ်မှုအပေါ် အကျိုးသက်ရောက်မှုများကို လေ့လာဆန်းစစ် ဆောင်ရွက်သွားရမည်ဖြစ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တစ်ခုဖြစ်သော ဇီဝလောင်စာသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်မည်ဆိုပါက ဇီဝလောင်စာ စဉ်ဆက်မပြတ်ရရှိစေရေး သီးခြားစိုက်ပျိုးဧရိယာသတ်မှတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လတ်တလောအခြေအနေတွင် နိုင်ငံတော် ဓာတ်အားစနစ်ဖြင့် ချိတ်ဆက်နိုင်မည့် ဇီဝလောင်စာသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် အစီအစဉ်မရှိသေးကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် တစ်နှစ်လျှင် ၁၆ ရာခိုင်နှုန်းခန့် တိုးတက်လျက်ရှိပြီး ၂၀၁၈ ခုနှစ် မတ်လတွင် အမြင့်ဆုံးဝန်အား ၃၂၀၈ မဂ္ဂါဝပ်အထိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲနိုင်ခဲ့ကာ တိုးတက်လိုအပ်နေသော ဓာတ်အားကို ဖြည့်ဆည်းပေးနိုင်စေရန် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များဖြစ်သော ရေအား၊ လေအား၊ နေစွမ်းအင်တို့အပါအဝင် ရနိုင်သမျှသော အရင်းအမြစ်များမှ ဓာတ်အားထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ ထိုသို့စီမံဆောင်ရွက်ရာတွင် ဓာတ်အားစနစ် တည်ငြိမ်စေရေးကိုလည်း ထည့်သွင်းတွက်ချက်ရသဖြင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်၏ ပါဝင်မှုအချိုးအစားသည် ကန့်သတ်ချက်များရှိနေကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

Most Read

Most Recent