ပြည်တွင်းဘုရားဖူး ခရီးသွားများ ဝင်ရောက်မှု မြင့်မားနေသော ဗန်းမောက်မြို့နယ်ရှိ ဇလုံတောင်ပေါ်သို့ ပြင်ပယာဉ်များ တက်ရောက်ခွင့် စတင်တားမြစ်

ပြည်တွင်းဘုရားဖူး ခရီးသွားများ ဝင်ရောက်မှု မြင့်မားနေသော ဗန်းမောက်မြို့နယ်ရှိ ဇလုံတောင်ပေါ်သို့ ပြင်ပယာဉ်များ တက်ရောက်ခွင့် စတင်တားမြစ်
Published 14 March 2018

ဇလုံတောင်ခြေရှိ ယာဉ်နားစခန်းမှ ခရီးသည်များအား တွေ့ရစဉ် (ဓာတ်ပုံ-ဇလုံတောင်ဒေသ လူထုအခြေပြု ခရီးသွားလုပ်ငန်း)

ပြည်တွင်းဘုရားဖူး ခရီးသွားများ ဝင်ရောက်မှု မြင့်မားနေသော ဗန်းမောက်မြို့နယ်ရှိ ဇလုံတောင်ပေါ်သို့ ပြင်ပယာဉ်များ တက်ရောက်ခွင့်ကို စတင်တားမြစ်လိုက်ကြောင်း  ဇလုံတောင်ဒေသ လူထုအခြေပြု ခရီးသွားလုပ်ငန်းမှ သိရသည်။

ဇလုံတောင်ပေါ်သို့ လာရောက်သော ဘုရားဖူးခရီးသည်တစ်ဦး ဇလုံတောင်တက်လမ်းဘေး လျှိုထဲသို့ မတ် ၁၀ ရက်က ဆိုင်ကယ်ဖြင့် ပြုတ်ကျကာ အသက်သေဆုံးမှု ဖြစ်ပွားခဲ့ပြီးနောက် ဇလုံတောင်ပေါ်သို့ လာရောက်သော ပြင်ပယာဉ်များနှင့် ဆိုင်ကယ်များ ဘုရားဖူးခရီးသည်များ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ခွင့်မပြုတော့ခြင်း ဖြစ်ကြောင်း ဇလုံတောင်ဒေသ လူထုအခြေပြု ခရီးသွားလုပ်ငန်းမှ တာဝန်ခံ ဦးစိန်ကျော်ဦး၏ ပြောကြားချက်အရ သိရသည်။

“ပိတ်လိုက်တာကတော့ စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖော်ဆောင်ရေး ကော်မတီနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ညှိနှိုင်းတိုင်ပင်ပြီး ပိတ်လိုက်တာပါ။ မတ် ၁၁  ရက်ကစပြီး တက်ခွင့်မပြုတော့ပါဘူး။ ဇလုံတောင်ပေါ် အတက်လမ်းက မြေသားလမ်းဖြစ်ပြီး တောင်အတက် အဆင်းတွေနဲ့ လမ်းက ကြမ်းတယ်။ လမ်းဘေးမှာလည်း လျှိုတွေ၊ ချောက်တွေနဲ့ဆိုတော့ မတော်တဆဖြစ်ရင် ဘုရားဖူးခရီးသည်တွေ အသက်အန္တရာယ်အတွက် စိုးရိမ်ရလို့ ပိတ်လိုက်တာပါ။ လမ်းရဲ့ တချို့နေရာတွေမှာ ဆိုင်ကယ်သမားတွေနဲ့ ရုတ်တရက် မျက်နှာချင်းဆိုင်တွေ့ရင် ရှောင်တိမ်းစရာ နေရာကျဉ်းတော့ ကားပေါ်ပါလာတဲ့ ခရီးသည်တွေအတွက် စိုးရိမ်ရပါတယ်။ နောက်ပြီး မှတ်တမ်းတွေအရဆိုရင် အခုနောက်ပိုင်း တစ်ရက်ကို ဆိုင်ကယ်မတော်တဆမှုတစ်ခု အနည်းဆုံး ဖြစ်နေတော့ ပိတ်လိုက်ရတာပါ” ဟု ဇလုံတောင်ဒေသ လူထုအခြေပြု ခရီးသွားလုပ်ငန်းမှ တာဝန်ခံ ဦးစိန်ကျော်ဦးက ပြောကြားသည်။

 

Most Read

Most Recent