ထီးချိုင့်မြို့နယ် အလယ်တောကျေးရွာ ဘော်ဒါဆောင်တွင် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားပြီး မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းခြောက်လုံး ရှာဖွေတွေ့ရှိ

ထီးချိုင့်မြို့နယ် အလယ်တောကျေးရွာ ဘော်ဒါဆောင်တွင် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားပြီး မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းခြောက်လုံး ရှာဖွေတွေ့ရှိ
Published 14 March 2018

လက်လုပ်မိုင်း ပေါက်ကွဲပြီးနောက် သက်ဆိုင်ရာက လာရောက်စစ်ဆေးစဉ် တွေ့ရှိရသည့် ပစ္စည်းများ

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် အလယ်တောကျေးရွာ ဘော်ဒါဆောင်တွင် မတ် ၁၂ ရက် မွန်းလွဲ ၁ နာရီခန့်က လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲပြီး မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းခြောက်လုံး ရှာဖွေတွေ့ရှိခဲ့ကြောင်း အလယ်တောကျေးရွာ ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဗိုလ်ဗိုလ်ဟန်ထံမှ  သိရသည်။

ထီးချိုင့်မြို့နယ် အလယ်တောကျေးရွာ ဘော်ဒါဆောင်၏ အမည်မှာ ဖူးပွင့်ဝေဆာဖြစ်ပြီး ယင်းဘော်ဒါဆောင်၏ အတွင်းနေရာ အနှံ့အပြားတွင် မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းများ တွေ့ရှိခဲ့ကြောင်း၊ ထို့ပြင်လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုကြောင့် ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“တစ်လုံးပေါက်ကွဲတယ်။ မကွဲတာက ခြောက်လုံးပါ။ စုစုပေါင်း မိုင်းခုနစ်လုံးတွေ့တယ်။ ဘော်ဒါဆောင်ဆိုတော့ ထရံဘေးက တစ်လုံးရယ်၊ သောက်ရေအိုးစင်က တစ်လုံးရယ်၊ တံခါးဝမှာ ထောင်ထားတဲ့ မိုင်းတစ်လုံးရယ်၊ သေးပေါက်ခြံထဲက တစ်လုံးရယ်၊ ကျောက်ပုံကြီးဘေးက တစ်လုံးရယ်၊ ဆိုင်ကယ်အတွင်းထဲက တစ်လုံးရယ်၊ ဘော်ဒါဆောင် အတွင်းက နေရာအနှံ့အပြားမှာ တွေ့ခဲ့တာပါ။ တရားခံကတော့ ဖမ်းမိပြီးပြီ။ ရွှေဘိုမြို့ကပါ။ တရားခံကလည်း သူထောင်ခဲ့တယ်လို့ ဝန်ခံပါတယ်” ဟု အလယ်တောကျေးရွာ ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဗိုလ်ဗိုလ်ဟန်က ပြောကြားသည်။

လက်လုပ်မိုင်းများအတွင်း ယမ်းများမပါရှိခဲ့ကြောင်း၊ ဗျောက်အိုးအသံ အဆင့်သာရှိကြောင်း၊ ဘော်ဒါဆောင်ပိုင်ရှင် ဆရာမနှင့် မိုင်းထောင်ခဲ့သည့် တရားခံသည် ယခင်က လူမှုရေးအရ ပတ်သက်ခဲ့ဖူးကြောင်း၊ မိုင်းထောင်ခဲ့သည့် တရားခံသည် ဆရာမထံ ခြိမ်းခြောက်သည့် ဖုန်းမက်ဆေ့ချ်များ ပေးပို့ရာမှ မိုင်းထောင်တရားခံအား ဖော်ထုတ်ဖမ်းဆီး နိုင်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

မိုင်းထောင်ခဲ့သူမှာ ရွှေဘိုမြို့ အမှတ် (၂) ဒိုဘီတန်းရပ်ကွက်တွင် နေထိုင်သည့် မျိုးကိုကိုဖြစ်ကြောင်း၊ ၎င်းအား မတ် ၁၂ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ လက်ရှိတွင် မျိုးကိုကိုအား ထီးချိုင့်ရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်း ထားကြောင်း ရဲအုပ်ဗိုလ်ဗိုလ်ဟန်၏ ပြောပြချက်အရ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ထီးချိုင့် မြို့မရဲစခန်းက မိုင်းထောင်ခဲ့သည့် မျိုးကိုကိုအား (ပ) ၈၅/၂၀၁၈၊ ၁၉၀၈ ခုနှစ် ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေ ပုဒ်မ (၃) အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

Most Read

Most Recent