မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ စီမံကိန်းတွင် တည်ဆောက်လျက်ရှိသည့် တိုက်ခန်းအလုံးရေ ၇၀ ကျော် ငွေကြေးအခက်အခဲကြောင့် ရပ်နားထားပြီး လုပ်ငန်းများ ပြန်လည်စတင်ရန် ညှိနှိုင်းနေဟုဆို

မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ စီမံကိန်းတွင် တည်ဆောက်လျက်ရှိသည့် တိုက်ခန်းအလုံးရေ ၇၀ ကျော် ငွေကြေးအခက်အခဲကြောင့် ရပ်နားထားပြီး လုပ်ငန်းများ ပြန်လည်စတင်ရန် ညှိနှိုင်းနေဟုဆို
Published 14 March 2018

ရပ်နားထားရသည့် မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ စီမံကိန်းမှ အဆောက်အအုံအချို့ကို တွေ့ရစဉ်

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ အကောင်အထည်ဖော်နေသည့် မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ စီမံကိန်းနှင့် ပတ်သက်၍ ကန်ထရိုက် လုပ်ငန်းရှင်များက တာဝန်ယူ တည်ဆောက်လျက်ရှိသည့် တိုက်ခန်းအလုံးရေ ၇၀ ကျော် ရင်းနှီးမြှုပ်နှံရန် ငွေကြေးအခက်အခဲများ ဖြစ်ပေါ်နေခြင်းကြောင့် လုပ်ငန်းများ ရပ်နားထားရပြီး လုပ်ငန်းဆက်လက် အကောင်ထည်ဖော် လုပ်ဆောင်ခွင့်ရရှိရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖွဲ့စည်းပေးထားသည့် အိမ်ရာစီမံကိန်း ဖော်ဆောင်ရေးလုပ်ငန်း ကြီးကြပ်မှုအဖွဲ့နှင့် ကန်ထရိုက် လုပ်ငန်းရှင်များအကြား ညှိနှိုင်းဆွေးနွေးလျက် ရှိကြောင်း သိရသည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်နှင့် အောင်သာယာရပ်ကွက်ရှိ အကွက်အမှတ် (မမ-၂၈)၊ လုပ်ကွက်အမှတ် (၁)တွင် အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည့် မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ လေးခန်းတွဲ RC (ခြောက်ထပ်) အဆောက်အအုံများကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် လုပ်ငန်းလုပ်ကိုင်ခွင့်ရ ဆောက်လုပ်ရေး ကုမ္ပဏီများအကြား သဘောတူစာချုပ် ချုပ်ဆို၍ ၂၀၁၆ ခုနှစ် စက်တင်ဘာလခန့်မှ စတင်ကာ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုသို့လုပ်ငန်းများ အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ရာတွင် ဆောက်လုပ်ရေးကုမ္ပဏီ အချို့မှာ လက်ရှိအချိန်တွင် သက်ဆိုင်ရာမှ ဘဏ်ချေးငွေ မရရှိခြင်းနှင့် ငွေကြေးကျပ်တည်းမှု ပြဿနာများကြောင့် ဆောက်လုပ်ဆဲတိုက်ခန်း အများအပြား ရပ်ဆိုင်းထားရသဖြင့်  ဆုံးရှုံးနစ်နာမှုများနှင့် ကြုံတွေ့နေရကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ဆိုသည်။

“ကျွန်တော်တို့ လုပ်ငန်းတွေ ရပ်ဆိုင်းထားခဲ့ရတာ တစ်နှစ်ပြည့်တော့မယ်။ တချို့ဆိုရင် တစ်နှစ်ကျော်လောက် ရှိနေပြီ။ အဓိက,က ဘဏ်ချေးငွေမရတော့ လုပ်ငန်းဆက်လုပ်ဆောင်ဖို့အတွက် ငွေကြေးရင်းနှီးမြှုပ်နှံဖို့ အခက်အခဲတွေ ဖြစ်နေကြတယ်။ ဆောက်လုပ်ဆဲ ရပ်တန့်ထားရတဲ့ တိုက်ခန်းအလုံးရေက ကျွန်တော်တို့ သိရသလောက်က အလုံးရေ ၇၀ အထက်မှာ ရှိပါတယ်။ အရင်က ကျွန်တော်တို့နဲ့ စည်ပင်သာယာတို့အကြား ချုပ်ဆိုထားတဲ့ စာချုပ်ကို ပြင်ဆင်ချုပ်ဆိုဖို့အတွက် စာချုပ်မူကြမ်း ရေးနေတယ်လို့တော့ သိရတယ်။ ဒါပေမဲ့ အချိန်က အရမ်းကြာနေပြီ။ လုပ်ငန်းတွေ ရပ်ထားရတဲ့အတွက် ငွေကြေးအခက်အခဲတွေ ဖြစ်နေကြတယ်။ လုပ်ငန်းတွေ အမြန်ဆုံး ပြန်စချင်ပြီ” ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောကြားသည်။

အဆိုပါ မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ယာ စီမံကိန်းတွင် လက်ရှိအချိန်တွင် ဆောက်လုပ်ဆဲ တိုက်ခန်းအလုံးရေ ၇၀ ကျော် လုပ်ငန်းများ ရပ်ဆိုင်းထားရပြီး အချို့တိုက်ခန်းများသာ ဆက်လက်ဆောက်လုပ်နေဆဲ ဖြစ်သော်လည်း ငွေကြေးပိုင်းဆိုင်ရာ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ကန်ထရိုက်လုပ်ငန်းရှင်များထံမှ စုံစမ်းသိရသည်။

“မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ စီမံကိန်းက တချို့ကုမ္ပဏီတွေ ဆက်လုပ်နေတာတွေလည်း ရှိပါတယ်။ ရပ်နားထားရတဲ့ ကုမ္ပဏီတွေနဲ့ကတော့ ညှိနှိုင်းဆွေးနွေး နေပါတယ်။  ဒီလောက်ပဲ ပြောလို့ရပါတယ်” ဟု မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာစီမံကိန်း ဖော်ဆောင်ရေးလုပ်ငန်း ကြီးကြပ်မှုအဖွဲ့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနမှူး ဦးဇော်ဝင်းက ဆိုသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် လုပ်ငန်းလုပ်ကိုင်ခွင့်ရ ကန်ထရိုက် လုပ်ငန်းရှင်များအကြား နားလည်မှုစာချုပ် ချုပ်ဆိုထားရာတွင် တည်ဆောက်ရေးလုပ်ငန်း သတ်မှတ်ထားသည့် ကာလမှာ ၂၀၁၆ ခုနှစ် ဧပြီလတွင် လုပ်ငန်းစတင်ရမည်ဖြစ်ပြီး ၂၀၁၇ ခုနှစ် မတ် ၃၁ ရက်တွင် လုပ်ငန်းပြီးစီးရမည်ဟု သတ်မှတ်ထားသည်ကို တွေ့ရသည်။ တည်ဆောက်ပြီး ကာလအတွင်း လုပ်ငန်းအာမခံကာလမှ တစ်နှစ်ဖြစ်ပြီး တစ်နှစ်ပြည့်ပြီးပါက စာချုပ်သက်တမ်း ကုန်ဆုံးမည် ဖြစ်သည်။ ထို့ပြင် စီမံကိန်းလုပ်ငန်းမှ အကျိုးအမြတ် ခွဲဝေမှုမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတ်မှတ်ထားသော နှုန်းထားဖြင့် ရောင်းချသော တိုက်ခန်း၏ ရောင်းရငွေတန်ဖိုးမှ Infrastructure တန်ဖိုးအား ချန်လှပ်၍ ကျန်ရောင်းရငွေ၏ ၇၀ ရာခိုင်နှုန်းကို အကျိုးခံစားခွင့် ရရှိမည်ဖြစ်သည်။ တိုက်ခန်းများကို လုပ်ငန်းအပ်နှံထားသူ၏ အစီအမံဖြင့်သာ ရောင်းချမည်ဖြစ်ကာ လုပ်ငန်းလက်ခံ လုပ်ကိုင်သူမှ ရောင်းချခွင့်မရှိပေ။ ထို့ပြင် စာချုပ်ချုပ်ဆိုခဲ့စဉ်က လုပ်ငန်းလက်ခံသူသည် လုပ်ငန်းအပ်နှံသူ၏ စာချုပ်ပါ လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်နိုင်ကြောင်းနှင့် ငွေကြေး အင်အားခိုင်မာ တောင့်တင်းကြောင်း အသီးသီး တာဝန်ယူ အာမခံမှု ပြုလုပ်ထားသည်။ ဆောက်လုပ်နေသည့် RC (ခြောက်ထပ်) အဆောက်အအုံ တစ်လုံး၏ ရေ၊ မီး အပါအဝင် ခန့်မှန်းကုန်ကျငွေမှာ ကျပ်သိန်းပေါင်း ၃၉၀၀ ကျော်ဖြစ်ပြီး အဆောက်အအုံ ၁၀ လုံး၏ ခန့်မှန်းကုန်ကျငွေ တန်ဖိုးမှာ ကျပ်သိန်းပေါင်း ၃၉၀၀၀ ကျော်ဖြစ်ကြောင်း လုပ်ငန်းအပ်နှံမှုဆိုင်ရာ သဘောတူစာချုပ် (ယခင်သဘောတူစာချုပ်) ပါ အချက်များအရ သိရသည်။

အဆိုပါ မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ယာ စီမံကိန်းအား အစိုးရ အကူးအပြောင်း ကာလဖြစ်သည့် ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် ယခင်အစိုးရလက်ထက်က မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် လုပ်ငန်းလုပ်ကိုင်ခွင့်ရ ဆောက်လုပ်ရေး ကုမ္ပဏီများအကြား သဘောတူစာချုပ် ချုပ်ဆို၍ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent