ဧရာဝတီတိုင်းဒေသကြီး၌ ယိုယွင်းပျက်စီးနေသည့် အန္တရာယ်ရှိ စာသင်ကျောင်းပေါင်း ၉၈၀ ကျော်ရှိနေပြီး ဘက်ဂျက်ရရှိမှုပေါ် မူတည်ကာ ပြန်လည်ပြုပြင်မည်ဟုဆို

ဧရာဝတီတိုင်းဒေသကြီး၌ ယိုယွင်းပျက်စီးနေသည့် အန္တရာယ်ရှိ စာသင်ကျောင်းပေါင်း ၉၈၀ ကျော်ရှိနေပြီး ဘက်ဂျက်ရရှိမှုပေါ် မူတည်ကာ ပြန်လည်ပြုပြင်မည်ဟုဆို
Published 14 March 2018

ဧရာဝတီတိုင်းဒေသကြီး၌ ယိုယွင်းပျက်စီးမှုများဖြစ်ပေါ်နေသည့် အန္တရာယ်ရှိ စာသင်ကျောင်းပေါင်း ၉၈၀ ကျော်ရှိနေကြောင်း တိုင်းပညာရေးမှူးရုံးမှ ရရှိသည့်စာရင်းအရ သိရသည်။

အဆိုပါအန္တရာယ်ရှိ ကျောင်းများစာရင်းကို သက်ဆိုင်ရာမြို့နယ်များမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့်အဖွဲ့မှ စိစစ်တင်ပြမှုများ ဆောင်ရွက်ထားကြောင်း သိရသည်။

“အန္တရာယ်ရှိ ကျောင်းဆောင်တင်ပြမှုတွေကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တဲ့အဖွဲ့က စိစစ်ပြီး ဦးစားပေးအဆင့်အလိုက် တင်ပြပါတယ်။ တင်ပြလာတဲ့အပေါ်မှာ တိုင်းရုံးက ပြုပြင်ပြောင်းလဲတာမရှိပါဘူး။ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြပေးပြီး သဘောထားမှတ်ချက်ရတာနဲ့ ရုံးချုပ်ကို ဆက်လက်တင်ပြပါတယ်။ ဘတ်ဂျက်ရရှိတဲ့အပေါ် မူတည်ပြီး ဦးစားပေးအဆင့်အလိုက်ပဲ ချထားပေးပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး (ဘဏ္ဍာ) ဒေါ်မြင့်မြင့်သိန်းက ပြောကြားသည်။ တင်ပြလာသည့် အန္တရာယ်ရှိကျောင်းဆောင်များအနက် စာသင်ကျောင်းဆောင် ၅၀၀ ကျော်ကို ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် အသစ်ပြန်လည်တည်ဆောက်နိုင်ရန် ပညာရေးဌာနမှ လျာထားထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အန္တရာယ်ရှိကျောင်းဆောင်အဖြစ် မြို့နယ်အသီးသီးက တင်ပြလာတာ ကျောင်းပေါင်း ၉၈၀ ကျော်ရှိပါတယ်။ ဌာနအနေနဲ့တော့ လက်ရှိမှာ အန္တရာယ်ရှိကျောင်းဆောင် ၅၀၀ ကျော်ကို ပြန်လည်တည်ဆောက်နိုင်ဖို့ လျာထားထားပါတယ်။ ဘတ်ဂျက်ရရှိမှုအပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး (ဘဏ္ဍာ) ဒေါ်မြင့်မြင့်သိန်းက ပြောကြားသည်။

စာသင်ကျောင်းဆောင် ပြိုကျပျက်စီးနိုင်သည့် အန္တရာယ်ရှိနေသဖြင့် အချို့သောစာသင်ကျောင်းများတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှာ အခြားနေရာသို့ ပြောင်းရွှေ့သင်ကြားနေရမှုများလည်း ရှိနေကြောင်း သိရသည်။

Most Read

Most Recent