Yoma Strategic နှင့် Grab ပူးပေါင်းပြီး မြန်မာနိုင်ငံအတွင်းရှိ တက္ကစီအငှားယာဉ် ဝန်ဆောင်မှု အရည်အသွေးမြှင့်တင်မည်

Yoma Strategic နှင့် Grab ပူးပေါင်းပြီး မြန်မာနိုင်ငံအတွင်းရှိ တက္ကစီအငှားယာဉ် ဝန်ဆောင်မှု အရည်အသွေးမြှင့်တင်မည်
Published 14 March 2018

First Myanmar Investment Co., Ltd (FMI) ၏ တွဲဖက်ကုမ္ပဏီဖြစ်သည့် စင်ကာပူ စတော့အိတ်ချိန်းစာရင်းဝင် Yoma Strategic နှင့် အရှေ့တောင်အာရှထိပ်တန်း တက္ကစီအငှားယာဉ်ကုမ္ပဏီဖြစ်သည့် Grab တို့အတူပူးပေါင်းကာ မြန်မာနိုင်ငံရှိ တက္ကစီအငှားယာဉ်ဝန်ဆောင်မှု အရည်အသွေးအား မြှင့်တင်သွားမည်ဖြစ်ကြောင်း Yoma Strategic က ထုတ်ပြန်ကြေညာသည်။

မြန်မာနိုင်ငံတွင် တက္ကစီအငှားယာဉ် ပြေးဆွဲမှုအရည်အသွေး ပိုမိုတိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ မတ် ၁၂ ရက်က Yoma Strategic နှင့် Grab တို့ သဘောတူညီမှုတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

ရန်ကုန်မြို့အတွင်း၌ တက္ကစီအစီးရေ ခုနစ်သောင်းဝန်းကျင်ရှိနေပြီး အဆိုပါကားအများစုအား အမြန်ဆုံးအဆင့်အတန်းမြှင့်တင်ရန် လိုအပ်ကြောင်း ပုံမှန်တက္ကစီစီးနင်းသူများက လက်ခံထားကြောင်း Yoma Strategic က ဆိုသည်။

ယခုကုမ္ပဏီနှစ်ခုအကြား သဘောတူညီချက်ကြောင့် လက်ရှိအချိန်တွင် Grab မှ ယာဉ်မောင်းများအနေဖြင့် Yoma Fleet ထံမှ မော်တော်ယာဉ်ငှားရမ်းခြင်းများနှင့် ငွေကြေးထောက်ပံ့မှုများကိုလည်း ရယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

အရည်အသွေးကောင်း ပိုမိုကောင်းမွန်သည့် မော်တော်ယာဉ်များအားအသုံးပြုကာ တက္ကစီအငှားယာဉ်အဆင့်အတန်း မြှင့်တင်ခြင်းကြောင့် ခရီးသည်များအနေဖြင့် သက်သောင့်သက်သာရှိကာ ပိုမိုကောင်းမွန်သောအတွေ့အကြုံများနှင့် လုံခြုံမှုတို့ရရှိနိုင်မည်သာမက ယာဉ်မောင်းများ၏ဝင်ငွေကိုလည်း တိုးမြှင့်ပေးနိုင်ရန် မျှော်မှန်းထားသည်။ ထို့ပြင် ယခုကဲ့သို့ ပူးတွဲလုပ်ဆောင်ခြင်းအားဖြင့် Yoma Fleet ၏ မော်တော်ယာဉ်ငှားရမ်းမှုလုပ်ငန်းကိုလည်း မြှင့်တင်နိုင်မည်ဟု ရည်မှန်းထားသည်။

Yoma Strategic အနေဖြင့် Wave Money ၏ ရှယ်ယာများကို FMI ထံမှ ဝယ်ယူခဲ့ပြီးဖြစ်သည့်အပြင် Grab သည် Wave Money ဖြင့်လည်း မဟာဗျူဟာမြောက်မိတ်ဖက်ဖြစ်သည့်အတွက် ယခုလုပ်ငန်းတွင် နည်းပညာများကိုအသုံးပြုကာ ပူးတွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

Wave Money တွင်ပိုင်ဆိုင်သည့် အစုရှယ်ယာ ၃၄ ရာခိုင်နှုန်းကို FMI က Yoma Strategic ထံသို့ ဒေါ်လာ ၁၉ ဒသမ ၄ သန်းကျော်ဖြင့် ရောင်းချလိုက်ကြောင်း FMI မတ် ၆ ရက်တွင် ထုြတ်ပန်ကြေညာထားကြောင်း သိရသည်။

Wave Money ကုမ္ပဏီသည် တယ်လီနောကုမ္ပဏီ၊ ရိုးမဘဏ်နှင့် FMI ကုမ္ပဏီတို့အကြား ဖက်စပ်ဆောင်ရွက်သည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးလိုင်စင်ရ မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းဖြစ်ပြီး ဒီဂျစ်တယ်ငွေလွှဲပြောင်းခြင်းနှင့် ငွေပေးချေစနစ်ကဲ့သို့သော ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို နိုင်ငံတစ်ဝန်းရှိ ကိုယ်စားလှယ်ပေါင်း ၂၀၀၀၀ ကျော်ရှိသောကွန်ရက်ဖြင့် ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

Most Read

Most Recent