w ကော့သောင်းမြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် သောက်သုံးရေ ပြတ်လပ်မှုကြောင့် ဒေသခံတစ်ထောင်ခန့် အခက်အခဲ ဖြစ်နေပြီး ထိုင်းနိုင်ငံမှ သောက်ရေများ ၀ယ်ယူသုံးစွဲနေရ - Eleven Media Group <

ကော့သောင်းမြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် သောက်သုံးရေ ပြတ်လပ်မှုကြောင့် ဒေသခံတစ်ထောင်ခန့် အခက်အခဲ ဖြစ်နေပြီး ထိုင်းနိုင်ငံမှ သောက်ရေများ ၀ယ်ယူသုံးစွဲနေရ

ရေပြတ်လပ်မှု ဖြစ်ပေါ်နေသည့် ရွာတစ်ရွာတွင် စက်လှေဖြင့် ယူဆောင်လာသည့် သောက်သုံးရေများကို ဒေသခံများက သယ်ဆောင်နေစဉ်

ကော့သောင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် သောက်သုံးရေ ပြတ်လပ်မှုကြောင့် ဒေသခံ တစ်ထောင်ခန့်မှာ အခက်အခဲဖြစ်နေပြီး ထိုင်းနိုင်ငံမှ သောက်ရေများကို ၀ယ်ယူသုံးစွဲ နေရကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်အတွင်းရှိ ကျေးရွာခြောက်ရွာမှာ နွေရာသီအတွင်း သောက်သုံးရေ ပြတ်လပ်မှု ဖြစ်ပေါ်နေကာ နောက်ထပ်ကျေးရွာ အချို့တွင်လည်း ရေပြတ်လပ်မှု ဖြစ်ပေါ်နေကြောင်း သိရသည်။

အလားတူ ကျေးရွာအချို့မှာ လက်တူးရေတွင်းများကိုသာ အဓိကအားထားနေရပြီး ရာသီဥတု ပူပြင်းလာသောကြောင့် ရေတွင်းများ ခန်းခြောက်လာကာ အိမ်ထောင်စုတစ်စုလျှင် ရေပုံးသုံးပုံးသာ ခွဲဝေသုံးစွဲ နေရကြောင်း သိရသည်။

“အခု ကျွန်တော်တို့ သွားရောက်ကူညီပေးနေတဲ့ ဘန်းကချွန်ကျေးရွာအုပ်စု အတွင်းမှာဆိုရင် ယမုံနာကျေးရွာ၊ အောင်မေတ္တာကျေးရွာ၊ ၀ဲငယ်ကျေးရွာ၊ ရွာသာယာကျေးရွာတွေအပြင် ခမောက်ကြီးမြို့နယ်ခွဲ အတွင်းက ခမောက်ကြီး ချောင်းဝနှင့် ခမောက်ငယ် ကျေးရွာတွေမှာ ရေရှားပါးမှု ဖြစ်ပေါ်နေတယ်။ အဲဒီရွာတွေမှာဆိုရင် တစ်ရွာကို လက်တူးရေတွင်း တစ်တွင်းစီပဲ ရှိကြတယ်။ အိမ်ထောင်စု တစ်စုကို ရှစ်ဂါလန်ပုံးနဲ့ သုံးပုံးစီပဲ ခွဲဝေပေးနိုင်ပါတယ်။ ရေပေးဝေချိန်ကိုလည်း ညနေ ၃ နာရီမှစပေးပါတယ်။ ကျန်တဲ့အချိန်တွေမှာဆိုရင် ရေတွင်းကို သော့ခတ်ပိတ်ထားရပါတယ်” ဟု ကော့သောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ  ပြန်ကြားရေးတာဝန်ခံ ဦးစိန်နိုင်က ပြောကြားသည်။

ယမုံနာကျေးရွာတွင် အိမ်ခြေ ၅၈ အိမ် (လူဦးရေ ၂၉၉ ဦး)၊ အောင်မေတ္တာကျေးရွာ တွင် အိမ်ခြေ ၃၅ အိမ် (လူဦးရေ ၂၁၀ ဦး)၊ ၀ဲငယ်ကျေးရွာတွင် အိမ်ခြေ ၂၃ အိမ် (လူဦး ရေ ၁၁၅ ဦး)၊ ရွာသာယာကျေးရွာတွင် အိမ် ခြေ ၂၀ (လူဦးရေ ၁၁၀ ဦး) မှာ ရေ ပြတ်လပ်မှု ဖြစ်ပေါ်နေကာ ခမောက်ကြီးမြို့နယ်ခွဲ အတွင်းရှိ ကျေးရွာများတွင် ပြတ်လပ်နေကာ လူဦးရေ ၁၀၀၀ ခန့်မှာ သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။

“အခု ရွာကပေးနေတဲ့ရေတွေက သုံးလို့မလောက်ဘူး။ အနီးနားက ကျွန်းတွေမှာ ရေတွေရနိုင်မလားဆိုပြီး လှေတွေနဲ့ လိုက်ရှာကြရတယ်။ သောက်ရေကိုတော့ ထိုင်းနိုင်ငံကနေ ၀ယ်ယူပြီး သုံးစွဲရပါတယ်။ လီတာ ၂၀ ဘူးကြီး တစ်ဘူးကို ထိုင်းဘတ်ငွေ ၁၂ ဘတ်ပေးရပါတယ်” ဟု အောင်မေတ္တာ ကျေးရွာသားတစ်ဦးက ပြောကြားသည်။

အဆိုပါ ကျေးရွာများမှာ ရေလုပ်ငန်း၊ ဥယျာဉ်လုပ်ငန်းများဖြင့် အသက်မွေးကြသော်လည်း သောက်သုံးရေများမှာ မိုးရာသီတွင်သာ ပေါများပြီး နွေရာသီတွင် ရေပြတ်လပ်မှု ဖြစ်ပေါ်နေကြောင်း သိရသည်။ ထို့ပြင် ရေတွင်းများ တူးရာတွင် အောင်မြင်ခြင်း မရှိဘဲ ရေငံများသာ စိမ့်ထွက်လာလေ့ရှိကြောင်း ကျေးရွာသားများက ပြောကြားသည်။

သောက်သုံးရေ ပြတ်လပ်မှု ဖြစ်ပေါ်နေသည့် ကျေးရွာများကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များမှ သောက်သုံးရေ လီတာ ၅၀၀၀၊ PMG သောက်ရေသန့်ဆေးထုပ် ၆၀၀၀ ကို သွားရောက် လှူဒါန်းပေးခဲ့ပြီး ရေသန့်ဆေးသုံးစွဲပုံ သုံးစွဲနည်းကိုလည်း လက်တွေ့ပြသ ပေးခဲ့ကြောင်း သိရသည်။

သောက်သုံးရေ ပြတ်လပ်မှု ဖြစ်ပေါ်နေသည့် အဆိုပါကျေးရွာများကို အ၀ီစိတွင်းတူးပေးခြင်း၊ သောက်သုံးရေ သွယ်တန်းနိုင်မည့် နေရာများကို ရှာဖွေပေးခြင်း စသည့်အကူအညီများ လိုအပ်နေပြီး NLD အနေဖြင့် အပတ်စဉ် သောက်သုံးရေ အကူအညီပေးခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးစိန်နိုင်က ပြောကြားသည်။

 

March 13, 2018














Copy Protected by Chetan's WP-Copyprotect.