ရွှေလင်ပန်းနှင့် ကနောင်တန်ဖိုးနည်းအိမ်ရာ လျှောက်ထားသူများအနက် ဝယ်ယူခွင့်ရသူများအနေဖြင့် ရာခိုင်နှုန်း ၂၀ စုဆောင်းငွေပြည့်မီခဲ့သည့် ရက်စွဲအလိုက် ဦးစားပေး ရောင်းချမည်

ရွှေလင်ပန်းနှင့် ကနောင်တန်ဖိုးနည်းအိမ်ရာ လျှောက်ထားသူများအနက် ဝယ်ယူခွင့်ရသူများအနေဖြင့် ရာခိုင်နှုန်း ၂၀ စုဆောင်းငွေပြည့်မီခဲ့သည့် ရက်စွဲအလိုက် ဦးစားပေး ရောင်းချမည်
Published 13 March 2018

ရွှေလင်ပန်းနှင့် ကနောင်တန်ဖိုးနည်း အိမ်ရာဝယ်ယူရန် လျှောက်ထားခဲ့သူများအနက် ဝယ်ယူခွင့်ရသူများစာရင်းကို မတ် ၁၂ ရက်တွင် ထုတ်ပြန်ပေးထားပြီး စုဆောင်းငွေ ပြည့်မီခဲ့သည့် ရက်စွဲအလိုက် ရောင်းချသွားမည်ဖြစ်ကြောင်းနှင့် မတ် ၂၃ ရက်တွင် လာ ရောက်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော လှိုင်သာယာမြို့နယ်နှင့် ဒဂုံ (ဆိပ်ကမ်း) မြို့နယ်များအတွင်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများရှိ အခန်းများ ရောင်းချရန် လျှောက်လွှာများကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၉ ရက် နောက်ဆုံးထားလက်ခံခဲ့သည်။ လက်ရှိတွင် အဆိုပါလျှောက်လွှာများကို စိစစ်ပြီးဖြစ်၍ လျှောက်ထားဝယ်ယူခွင့် ရရှိသူများ၏ အမည်စာရင်းများကို အမှတ် (၂၂၈/၂၃၄) ဗိုလ်ချုပ်အောင်ဆန်းလမ်း ဗိုလ်တထောင်မြို့နယ်နှင့် ရုံးအမှတ် (၄၀) မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန နေပြည်တော် နေရာများ၌ လာရောက်ကြည့်ရှုနိုင်ကြောင်း ထုတ်ပြန်ထားသည်။

အခန်းများရောင်းချရာတွင် CHD ဘဏ်၌ Down Payment ရာခိုင်နှုန်း ၂၀ သတ်မှတ်စုဆောင်းငွေ ပြည့်မီသည့် ရက်စွဲ အစီအစဉ်အလိုက် ဦးစားပေးရောင်းချသွားမည်ဖြစ်ပြီး လျှောက်ထားသူများသည် မတ် ၂၃ ရက်တွင် အမှတ် (၂၂၈/၂၃၄) (ပထမထပ်) ဗိုလ်ချုပ်အောင်ဆန်းလမ်း ဗိုလ်တထောင်မြို့နယ်သို့ နံနက် ၉ နာရီခွဲအရောက် လူကိုယ်တိုင် လာရောက်ဆက်သွယ် ဝယ်ယူ ကြရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားမှုအရ သိရသည်။

သက်သာသောအတိုးနှုန်းဖြင့် နှစ်ရှည် ပေးဆပ်ကာ ပိုင်ဆိုင်ခွင့်ရမည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများ တည်ဆောက်ရန် ဂျပန်နိုင်ငံ JICA ထံမှ ဂျပန်ယန်း ၁၅ ဘီလျံ ချေးယူရန် မတ် ၆ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အ တည်ပြုခဲ့သည်။

လက်ရှိတွင် တန်ဖိုးနည်းအိမ်ရာ စီမံကိန်း ရှစ်ခုအနက် အိမ်ရာစီမံကိန်း ငါးခုရှိ အခန်းပေါင်း ၁၄၉၅ ခန်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင်တစ်ကြိမ်၊ ၂၀၁၇ ခုနှစ် သြဂုတ်တွင် တစ်ကြိမ်၊ ၂၀၁၈ ခုနှစ် မတ်လ တတိယပတ်တွင် လက်ကျန်အခန်း ၅၂၀ ကို ထပ်မံ ရောင်းချပေးမည်ဖြစ်ပြီး ရရှိမည့် ၈၆၂၄ ခန်း အနက် ၃၈၆၈ အခန်းမှာ လက်ရှိ ရာခိုင်နှုန်း ၁၀၀ ပြီးစီးနေကာ ကျန်ရှိသည့်အခန်း ၄၇၅၆ ခန်းမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ရာခိုင်နှုန်း ၁၀၀ ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိကာလတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် တိုက်ခန်းများ ရောင်းချရန် စီစဉ်ပေးထားပြီး အဆိုပါအစီအစဉ်အရ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)  နှင့် မြောက်ဥက္ကလာပမြို့နယ်ရှိ တန်ဖိုးသင့် နှင့် တန်ဖိုးနည်းတိုက်ခန်းများ နှစ်ရှည်အရစ်ကျ ရောင်းချရန် စီစဉ်ထားပြီး မတ် ၁၆ ရက် အထိဝယ်ယူရန် လျှောက်ထားနိုင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အိမ်ရာရောင်းချမှု အစီအစဉ် ထုတ်ပြန်ထားမှုအရ သိရသည်။

Most Read

Most Recent