ဧရာဝတီတိုင်းအတွင်းရှိ စည်ပင်သာယာရေးအဖွဲ့များမှ အမှုဆောင်အရာရှိသုံးဦးနှင့် တာဝန်ခံအင်ဂျင်နီယာသုံးဦးတို့အား နေရာပြောင်းရွှေ့ချထားခဲ့ပြီး အစိုးရသစ်လက်ထက်တွင် ပြည်သူနှင့်အဆင်ပြေညီညွတ်စွာ မလုပ်ဆောင်သည့် စည်ပင်ဝန်ထမ်းများကို ရာထူးတိုးပေးမည်မဟုတ်ဟုဆို

ဧရာဝတီတိုင်းအတွင်းရှိ စည်ပင်သာယာရေးအဖွဲ့များမှ အမှုဆောင်အရာရှိသုံးဦးနှင့် တာဝန်ခံအင်ဂျင်နီယာသုံးဦးတို့အား နေရာပြောင်းရွှေ့ချထားခဲ့ပြီး အစိုးရသစ်လက်ထက်တွင် ပြည်သူနှင့်အဆင်ပြေညီညွတ်စွာ မလုပ်ဆောင်သည့် စည်ပင်ဝန်ထမ်းများကို ရာထူးတိုးပေးမည်မဟုတ်ဟုဆို
Published 13 March 2018

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စည်ပင်သာယာရေးအဖွဲ့များမှ အမှုဆောင်အရာ ရှိသုံးဦးနှင့် တာဝန်ခံအင်ဂျင်နီယာသုံးဦးတို့ အား တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်အရ မူလတာဝန်ထမ်းဆောင်နေသည့် မြို့များမှ အခြားသော မြို့များသို့ နေရာပြောင်းရွှေ့ချထားခဲ့ပြီး အစိုးရ သစ်လက်ထက်တွင် ပြည်သူလူထုနှင့် အဆင်ပြေညီညွှတ်စွာ ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း မရှိသည့် စည်ပင်သာယာရေးဝန်ထမ်းများကို ရာထူးများတိုးပေးမည်မဟုတ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။

မြို့တစ်မြို့တည်းတွင် အချိန်ကြာမြင့်စွာ တာဝန်ကျနေသည့် ဘိုကလေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ မအူပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် မြို့ခံပြည်သူအချို့နှင့် စည်ပင်သာယာရေးကော်မတီမှ တိုင်ကြားမှုများအား ကြုံတွေ့ခဲ့ရသည့် မြောင်းမြမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ မြန်အောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာ၊ ဝါးခယ်မမြို့နယ် စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာ၊ မြောင်းမြမြို့နယ် စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာတို့အား တိုင်းဒေသကြီးအတွင်းရှိ အခြားသော မြို့များသို့ တာဝန်များ ပြောင်းရွှေ့ချထားရန် တိုင်းဒေသကြီး အစိုးအရအဖွဲ့ အစည်းအဝေးအရ ဆုံးဖြတ်ခဲ့ကြောင်း၊ အစိုးရသစ်လက်ထက်တွင် ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ လက်အောက်ရှိ ဝန်ထမ်း ၂၀ ကျော်ကို လက်ထောက်ညွှန်ကြားရေးမှူးရာထူးအား တိုးမြှင့်ပေးပြီးဖြစ်သော်လည်း ပြည်သူလူထု နှင့် အဆင်ပြေညီညွှတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း မရှိသည့် ဝန်ထမ်းများကိုမူ ဝန်ထမ်း ရာထူးတိုး တန်းစီဇယားတွင် ပါဝင်နေသော်လည်း ရာထူးများ တိုးမြှင့်ပေးမည်မဟုတ်ကြောင်း စည်ပင်သာယာရေးဝန်ကြီးက ပြောကြားသည်။

“မြောင်းမြကတော့ စည်ပင်ကော်မတီနဲ့ မြို့လူထုရဲ့ တင်ပြချက်အရ အဲဒီတင်ပြချက်တွေအပေါ်မှာ တိုင်းစည်ပင်သာယာရေး အဖွဲ့က စိစစ်တင်ပြချက်အရ ပြောင်းရွှေ့ လိုက်ရတာပေါ့။ ကျန်တာတွေကတော့ သတ်မှတ်ကာလထက် ကျော်လွန်သွားတဲ့အတွက် ပြောင်းရွှေ့ရခြင်းဖြစ်ပါတယ်။ အဲဒီပြောင်း ရွှေ့တဲ့နေရာမှာလည်း မြို့သုံးမြို့ အမှုဆောင် အရာရှိသုံးယောက်၊ အဲဒီမြို့သုံးမြို့ကပဲ အင်ဂျင်နီယာမှူး သုံးယောက်ကို လိုအပ်ချက်အရ ပြောင်းရွှေ့ရခြင်းဖြစ်ပါတယ်။ ဝန်ထမ်းတချို့ ဝတ္တရားပျက်ကွက်လို့ သတိပေးရတာတွေတော့ ရှိပါတယ်။ တာဝန်ပျက်ကွက်လို့ အရေးယူတာတော့ မရှိသေးပါဘူး။ ကျွန်တော်တို့ က ကြိုတင်သတိပေးခြင်းနဲ့ပဲ ဝန်ထမ်းတွေကို ပညာပေးပြုပြင်တဲ့နည်းလမ်းနဲ့ပဲ သွားပါတယ်။ အချို့လက်ထောက်အင်ဂျင်နီယာတို့ အင်ဂျင်နီယာ(၂) တို့ အဲဒီလို ကလေးတွေက လူငယ်တွေဆိုတော့ သောက်ကြစားကြနဲ့ တာဝန်ပိုင်းကို ပေါ့လျော့နေကြတာလည်း ရှိပါတယ်။ ဒီကလေးတွေကိုလည်း သတိပေး ခြင်း သတိပေးလို့မှ မရတဲ့အခါကျရင် ပြောင်းရွှေ့ခြင်းဆိုတဲ့ ပညာပေးခြင်းများကို ပေးသွားပြီးတော့ ဘယ်လိုမှဌာနအတွက် ဌာနအကျိုးစီးပွားကို ဘယ်လိုမှဖော်ဆောင်နိုင်အောင် ပြုပြင်လို့ ထိန်းကျောင်းလို့မရဘူးဆိုရင်တော့ အရေးယူရမယ့်အပိုင်းဖြစ်သွားမှာပေါ့။ လက်ရှိအထိတော့ အရေးယူတဲ့အပိုင်းတော့ မရှိသေးပါဘူး။ ကျွန်တော်တို့ ရာထူူးတိုးမြှင့်တဲ့နေရာမှာ ဝန်ထမ်းတွေက တိုးတော့မယ့် အဆင့်ဆိုရင် မူလအဆင့်မှာ တာဝန်ကိုဘယ်လောက်ကျေ ပွန်စွာ ထမ်းဆောင်ခဲ့လဲ၊ ပြည်သူလူထုနဲ့ပေါင်းစပ်ပြီး ပြည်သူလူထုနဲ့ညီညွှတ်စွာ ပူးတွဲဆောင်ရွက်နိုင်မှု ဘယ်လောက်ကောင်းလဲ ဆိုတဲ့အချက်တွေကို အများကြီးကြည့်ပါတယ်။ အဓိကကတော့ ဝန်ထမ်းတွေမှာကတော့ ဝန်ထမ်းရဲ့လုပ်သက် သူ့ရဲ့တာဝန်ကျေစွာ ထမ်းဆောင်မှု သူ့တက်ခဲ့ရတဲ့သင်တန်းတွေ ဒါတွေကိုကြည့်ပြီးတော့ အမှတ်ပေးသလိုပဲ စောစောက ကျွန်တော်ပြည်သူလူထုနဲ့ အဆင်ပြေညီညွှတ်စွာ ဆက်ဆံမှု လုပ်ငန်းကိုကြိုး စားဆောင်ရွက်မှု စည်းကမ်းလိုက်နာမှုဆိုတဲ့ အချက်တွေကိုလည်း ကြည့်ရှုပါတယ်။ ဒီအချက်အလက်တွေမှာ တအားချို့ယွင်းနေတဲ့ ပုဂ္ဂိုလ်တွေဆိုရင် တန်းစီဇယားမှာ ပါနေတာတောင်မှ သူကတော့ပြစ်ချက်တွေ သိပ်များနေရင် ကျန်ခဲ့မယ့်သဘော ရှိပါတယ်” ဟု စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အလိုက် စည်ပင်သာယာရေးအဖွဲ့များ တွင် မြို့နယ်အလိုက် ဖွဲ့စည်းထားသည့် စည်ပင်သာယာရေးကော်မတီဝင်များနှင့် စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများကြားတွင် လုပ်ငန်းအကောင်အထည်ဖော်မှုများနှင့် ပတ်သက်၍ မကြာခဏ သဘောထားကွဲလွဲမှုများ တိုင်ကြားမှုများ ရှိနေကြောင်း သိရသည်။

Most Read

Most Recent