လမ်းပေါ်တွင် ရမ်းကားနေသည့် လူငယ်သုံးဦးကို တားဆီးစဉ် ရဲတပ်ဖွဲ့ဝင်များကို ဓားဖြင့်ပြန်လည်ခုခံမှုကြောင့် ရာဘာကျည်ဖြင့် ပစ်ခတ်ဖမ်းဆီး

လမ်းပေါ်တွင် ရမ်းကားနေသည့် လူငယ်သုံးဦးကို တားဆီးစဉ် ရဲတပ်ဖွဲ့ဝင်များကို ဓားဖြင့်ပြန်လည်ခုခံမှုကြောင့် ရာဘာကျည်ဖြင့် ပစ်ခတ်ဖမ်းဆီး
Published 13 March 2018

လမ်းပေါ်တွင် ရမ်းကားနေသည့် လူငယ်သုံးဦးကိုတားဆီးသည့် ရဲတပ်ဖွဲ့ဝင်များကို ဓားဖြင့်ပြန်လည်ခုခံသဖြင့် ရာဘာကျည်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

မတ် ၁၂ ရက် ညက ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့ အမှတ် (၃) နယ်မြေ ရဲစခန်းအပိုင် အောင်လံ-ပြည် ကားလမ်း ပြည်သာယာရပ်ကွက် ဘုရားကြီးဘုရားအနီးတွင် ဆိုင်ကယ်တစ်စီးဖြင့် လူငယ်သုံးဦးစီးနင်းလာစဉ် လမ်းမကြီးအတိုင်း မြို့ပြင်သို့ မောင်းနှင်လာပြီး နောက်ဆုံးလိုက်ပါလာသည့် နေဆန်း (၂၄ နှစ်) က ဓားဦးချွန်ကိုကိုင်ဆောင် ၍ ကြိုက်တဲ့ကောင်လိုက်ခဲ့ ထိုးသတ်မယ်ဟု ကြိမ်းမောင်းပြောဆိုခဲ့ကြောင်း သိရသည်။

ယင်းသို့ပြောဆိုမှုကြောင့် လှည့်ကင်း ဆောင်ရွက်နေသည့်ရဲတပ်ဖွဲ့ဝင်များက လိုက်ပါ ထိန်းသိမ်းခဲ့သော်လည်း အမှတ် (၃)ရဲစ ခန်းအလွန် တာဂွအရောက်တွင် ဆိုင်ကယ်အား အနီးကပ်ဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ဓားဖြင့်ပြန်ခုတ်သဖြင့် ၁၂ ဗို့ပြောင်းချော သေနတ် (ရာဘာကျည်) ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း အမှတ် (၃) ရဲစခန်းက သိရသည်။

“ဘုရားနားမှာ ရပ်ကင်းလုပ်နေတဲ့အချိန်လေးမှာပဲ ဆိုင်ကယ်ကို သုံးယောက်စီးပြီး မောင်းလာတယ်။ လက်ထဲမှာ ဓားကကိုင်ထားတော့ ကျွန်တော်တို့က ရပ်ခိုင်းတယ်။ ကျွန်တော်တို့ကိုလည်း စိန်ခေါ်မောင်းတယ်။ ချက်ချင်းလိုက်ပြီး ဟေ့ကောင်တွေ ရပ်ရပ်ဆိုတာကို ကားတစ်စီးကိုကျော်တက်ပြီး ကားသမားကို ပြသာနာထပ်ရှာလိုက်ပြီး စခန်းနားရောက်တော့ ချက်ချင်းရပ်ဆိုပြီး အနားကို လက်ရဖမ်းဖို့အတွက် ကပ်တာမှာ ဓားနဲ့တွတ်တယ်။ ချက်ချင်းခွာရတယ်။ ရပ်ရပ်လို့ အကြိမ်ကြိမ်အော်တာ ပတ်ဝန်းကျင်လည်း ကြားပါတယ်။ အော်နေတဲ့ကြားက မရတဲ့အဆုံး တပ်သား ကောင်းမြတ်ပြည့်စုံက လူငယ်စိတ်နဲ့ ဓားနဲ့သူကိုတုံ့ပြန်တာ။ ပစ်တာကတော့ ခြောက်ပစ်တယ်။ သာမန် သူ့ကျောမှာ နှစ်ချက်သုံး ချက်တော့ ရာဘာကျည်နဲ့ ထိသွားတယ်” ဟု အမှတ် (၃) ရဲစခန်းနယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဇော်လွင်ထွန်းက ပြောကြားသည်။ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် နေဆန်းတွင် နောက်ကျောဘက်ပေါက်ပြဲဒဏ်ရာ နှစ်ချက်၊ နောက်ကျောခါး အထက်တွင် ပေါက်ပြဲဒဏ်ရာ တစ်ချက်နှင့် ကောင်းမြတ်လင်း (၂၃ နှစ်) ဆိုင်ကယ်မောင်းသူ၏ ယာလက်ဖျံတွင် ပေါက်ပြဲဒဏ်ရာတစ်ချက် ရရှိခဲ့သည်။

“ဒီ ၁၂ ဗို့ပြောင်းချောသေနတ်ဆိုတာက လူစုလူဝေး နှိမ်နင်းတဲ့အခါမှာ ခြောက်လန့်ပစ်ခတ်တဲ့ ရာဘာကျည်ပါ။ တစ်ချက်ပစ်ခတ်တယ်။ ဖမ်းဆီးရမိတယ်။ အရေးယူ ဆောင်ရွက်မှုအခြေအနေကတော့ သူတို့ ကျူးလွန်ခဲ့တဲ့ပြစ်ဒဏ်နဲ့ အညီ တာဝန်ဝတ္တရား ဆောင်ရွက်တာကို အသာတစ်ကြည်ဖြေရှင်းရမှာကို လက်တုံ့ပြန်ခုခံတဲ့အတွက် တာဝန်ဝတ္တရားနှောင့်ယှက်မှုနဲ့ အရေးယူမယ်။ ဓားမြှောင်ကိုင်ဆာင်မှုကိုထပ်ပြီး ၁၉ (င) နဲ့ အရေးယူမယ်” ဟု ပြည်မြို့နယ်ရဲတပ်ဖွဲ့ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးဇော်ညွှန့်က ဆိုသည်။

ရမ်းကားခဲ့သည့် နေဆန်း၊ ကောင်းမြတ်လင်းနှင့် ထက်ပိုင်ဖြိုးတို့အား အမှတ် (၃) ရဲစခန်းတွင် (ပ) ၆၆/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၅၃၊ ၁၁၄ ဖြင့်လည်းကောင်း၊ အရိုးအသွား ၁၇ လက်မခန့်ရှိ ဓားဦးချွန်အား ကိုင်ဆောင်ရမ်းကားနေသူ နေဆန်းအား (ပ) ၆၇/၂၀၁၈၊ လက်နက်အက်ဥပဒေပုဒ်မ ၁၉ (င) ဖြင့်လည်းကောင်း အမှုဖွင့်ထားကြောင်း သိရသည်။

 

 

Most Read

Most Recent