မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် စနေဈေး၊ တနင်္ဂနွေဈေး တစ်ခုဖော်ဆောင်မည်

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် စနေဈေး၊ တနင်္ဂနွေဈေး တစ်ခုဖော်ဆောင်မည်
Published 13 March 2018

မြန်မာ-ထိုင်း နယ်စပ်  မြဝတီမြို့တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ကဲ့သို့ စနေ၊ တနင်္ဂနွေ နှစ်ရက်ရောင်းချမည့် ညဈေးတစ်ခုကို အမှတ် ၄ ရပ်ကွက် မြစန္ဒီပန်းခြံဝင်းအတွင်း၌ မကြာမီပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

မြစန္ဒီပန်းခြံဝင်းရှိ မြစန္ဒီစင်မြင့်ဘက်ခြမ်းတွင် ယာယီရွှေ့ပြောင်းဈေးအဖြစ် ညနေ ၃ နာရီမှ ည ၉ နာရီအထိ ခင်းကျင်းရောင်းချ ရမည်ဖြစ်ပြီး ကျောက်တိုင်ဘက်ခြမ်းတွင် ဈေးလာဝယ်သူများ၏ယာဉ်များ ရပ်နားရန်နေရာလျာထားကြောင်း သိရသည်။

“ထိုင်းနိုင်ငံဘက်မှာဆိုရင် စည်ပင်သာယာရေးကော်မတီက ဦးဆောင်ပြီး သောကြာဈေး၊ စနေဈေး၊ တနင်္ဂနွေဈေးပြီး ရောင်းချကြတယ်။ ဈေးဝယ်အများစုကတော့ မြန်မာတွေပဲ ဖြစ်ပါတယ်။ မြဝတီမြို့ပေါ်လမ်းကြားတွေ မှာ ပျံကျရောင်းချနေကြတဲ့သူတွေလည်း နေရာထိုင်ခင်း ရသွားမယ်။ လူထုတွေလည်း အလုပ်အကိုင်ရသွားမှာဖြစ်တဲ့အတွက် အားလုံးညှိနိုင်းပြီး အမြန်ဆုံး အကောင်အထည် ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု မြဝတီမြို့ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းရွှေက ပြောကြားသည်။

မြဝတီမြို့နယ်စည်ပင်သာယာရေးရုံး ခန်းမ၌ မတ် ၁၂ ရက်ကပြုလုပ်သည့် ရွှေ့ပြောင်းညဈေး ဖြစ်မြောက်ရေးဆွေးနွေးသည့် အစည်းအဝေးတွင် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းရွှေက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မတ် ၁၂ ရက်ကပြုလုပ်သည့် ဈေးဖြစ်မြောက်ရေး အစည်းအဝေးသို့ စည်ပင်သာယာရေး ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဈေးကော်မတီဝင်များ တက်ရောက်ခဲ့ပြီး ဆိုင်ခန်း နေရာချထားရေး၊ လျှပ်စစ်မီးပေးရေး၊ သန့်ရှင်းရေး၊ ယာဉ်ရပ်နားရေး နှင့် လုံခြုံရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြသည်။ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အင်ဂျင်နီယာ ဦးမောင်မောင်အောင်က ဈေးဆိုင်ခန်းများ စနစ်တကျ နေရာချထားရေးအတွက်ဆွေးနွေးခဲ့ပြီး ထိုင်းနိုင်ငံဘက်မှ ရွှေ့ပြောင်းဈေးများကိုလည်း ငါးကြိမ်ထက်မနည်း သွားရောက်လေ့လာထားကြောင်း ပြောကြားသည်။

Most Read

Most Recent