FDA ဝန်ထမ်းအမျိုးသမီးအား သားမယားပြုကျင့်သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ခဲ့သည့်အမှုတွင် သေဆုံးသူအမျိုးသမီး၏ မိဘနှစ်ဦးအပါအဝင် တရားလိုပြသက်သေ ငါးဦးအား စစ်ဆေး

FDA ဝန်ထမ်းအမျိုးသမီးအား သားမယားပြုကျင့်သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ခဲ့သည့်အမှုတွင် သေဆုံးသူအမျိုးသမီး၏ မိဘနှစ်ဦးအပါအဝင် တရားလိုပြသက်သေ ငါးဦးအား စစ်ဆေး
Published 13 March 2018

FDA ဒုကြီးကြပ်ရေးမှူး ဝန်ထမ်း အမျိုးသမီးငယ်အား သားမယားပြုကျင့် သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ခဲ့သည့် အငှားယာဉ်မောင်း မျိုးဇော်ဦး၏ ရုံးချိန်းတွင် သေဆုံးသူ အမျိုးသမီး၏ မိဘနှစ်ဦးအပါအဝင် တရားလိုပြ သက်သေငါးဦးအား မတ် ၁၂ ရက် နံနက်ပိုင်းက အရှေ့ပိုင်းခရိုင်တရား၌ စစ်ဆေးခဲ့ကြောင်း သိရသည်။

“ဒီနေ့ရုံးချိန်းမှာတော့အမှုနဲ့ပတ်သတ်ပြီး ပြစ်မှုကျူးလွန်ခံရတဲ့ အမျိုးသမီးမိဘနှစ်ဦးက နောက်ဆုံးအဆက်အသွယ်ရရှိခဲ့တဲ့ အခြေအနေတွေကို တရားလိုပြသက်သေအဖြစ် ရုံးတော်မှာ ထွက်ဆိုခဲ့ပါတယ်။ အဲဒီအပြင် ပြစ်မှုကျူးလွန်သူက ရွှေထည်ပစ္စည်းလာရောက်ရောင်းချခဲ့တဲ့ ရွှေဆိုင်မှ အမျိုးသားတစ်ဦး၊ ပြစ်မှုကျူးလွန်သူကို ဖမ်းမိခဲ့တဲ့ ဖုန်းပြုပြင်ရေးဆိုင်က အမျိုးသားတစ်ဦးရယ် နောက်ပြီး မြောက်ဒဂုံမြို့နယ် ၃၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ကို အမှုနဲ့ပတ်သတ်ပြီး တရားလိုပြသက်သေအဖြစ် စစ်ဆေးခဲ့ပါတယ်။ ထို့ပြင် အမှုရဲ့ ဖြစ်စဉ်ရက်စွဲနဲ့ တရားရုံးသို့ တိုင်ကြားချက်ရက်စွဲ ကွဲလွဲမှုတွေကြောင့် တရားခွင်အတွင်း အငြင်းပွားမှု အနည်းငယ်လည်း ဖြစ်ပွားခဲ့တယ်” ဟု ကျူးလွန်သူဘက်မှ လိုက်ပါဆောင်ရွက်ပေးသည့် အထက်တန်းရှေ့နေ ဦးမောင်မောင်စိုးက ပြောကြားသည်။

ထို့ပြင် အမှုနှင့်ပတ်သတ်ပြီး တရားလို အပါအဝင် တရားလိုပြသက်သေ ၃၅ ဦးကို တရားရုံးသို့ တင်သွင်းထားပြီး လက်ရှိတွင် တရားလိုပြသက်သေကိုးဦးကို စစ်ဆေးပြီး ပြီးဖြစ်ကြောင်း၊ လာမည့်ရုံးချိန်းကို  မတ် ၁၉ ရက်သို့ ချိန်းဆိုခဲ့ပြီး တရားလိုပြသက်သေများကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း အထက်တန်းရှေ့နေ ဦးမောင်မောင်စိုးက ဆက်လက် ပြောကြားသည်။

Most Read

Most Recent