ခရီးသည် ၆၇ ဦး လိုက်ပါလာသော ဘင်္ဂလားဒေ့ရှ် ခရီးသည်တင်လေယာဉ် နီပေါ၌ ပျက်ကျပြီး လူ ၄၀ နီးပါး သေဆုံး

ခရီးသည် ၆၇ ဦး လိုက်ပါလာသော ဘင်္ဂလားဒေ့ရှ် ခရီးသည်တင်လေယာဉ် နီပေါ၌ ပျက်ကျပြီး လူ ၄၀ နီးပါး သေဆုံး
Published 13 March 2018

မတ် ၁၂ ရက်က ခတ္တမန္ဒူရှိ လေဆိပ်အနီး ပျက်ကျခဲ့သော လေယာဉ်အနီး ကယ်ဆယ်ရေးများဆောင်ရွက်နေမှုကို တွေ့ရစဉ် (Photo: AFP)

ခရီးသည် ၆၇ ဦး လိုက်ပါလာသော ဘင်္ဂလားဒေ့ရှ်ခရီးသည်တင်လေယာဉ်တစ်စင်းသည် မတ် ၁၂ ရက်တွင် ဆင်းသက်ရန် ချဉ်းကပ်လာစဉ် နီပေါမြို့တော်ခတ္တမန္ဒူအနီးသို့ ပျက်ကျခဲ့ပြီး ပေါက်ကွဲမီးလောင်ခဲ့ရာ သေဆုံးသူ ၄၀ ထက်မနည်း ရှိလာခဲ့ပြီး ၂၃ ဦး ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ လူ ၃၁ ဦးသည် နေရာတွင်ပင် သေဆုံးခဲ့ပြီး ကိုးဦးသည် ဆေးရုံ၌ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် မန်နောနျူပါနီက ပြောကြားခဲ့သည်။

အမေရိကန်-ဘန်ဂလာ လေကြောင်းလိုင်း လေယာဉ်သည် ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာမှနေ၍ ပျံသန်းလာခဲ့ပြီး မြို့တော်ခတ္တမန္ဒူတွင် တည်ရှိသည့် နီပေါ၏တစ်ခုတည်းသော အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ပြေးလမ်းအရှေ့ဘက်ရှိ ဘောလုံးကွင်းတစ်ကွင်းသို့ ပျက်ကျခဲ့ခြင်း ဖြစ်သည်။ ထိုလေယာဉ်ပေါ်တွင် ခရီးသည် ၆၇ ဦးနှင့် အမှုထမ်းလေးဦး လိုက်ပါခဲ့ကြောင်း လေဆိပ်ပြောခွင့်ရပုဂ္ဂိုလ် ပရမ်နက်သာခါက ပြောကြားခဲ့သည်။

ယင်း ပျက်ကျလေယာဉ်သည် သက်တမ်း ၁၇ နှစ်ရှိ Bombardier Dash 8 Q400 ပန်ကာတပ် တာဗိုဂျက်အင်ဂျင်လေယာဉ်ဖြစ်ကြောင်း ဆွီဒင်အခြေစိုက် လေကြောင်းပျံသန်းမှု အချက်အလက်များကို ဝန်ဆောင်မှုပေးသည့်  Flightradar 24 က Twitter တွင် ဖော်ပြခဲ့သည်။ ၂၀၁၄ ခုနှစ် ဇူလိုင်တွင် စတင် ထူထောင်ခဲ့သော ပုဂ္ဂလိကလေကြောင်းလိုင်းတစ်လိုင်းဖြစ်သည့် အမေရိကန်-ဘန်ဂလာ လေကြောင်းလိုင်း၏ ဆောင်ပုဒ်မှာ Fly Fast Fly Safe ဖြစ်ကြောင်း ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

ဒါကာအခြေစိုက် ယင်းလေကြောင်းလိုင်းသည် ၂၀၁၆ ခုနှစ် မေတွင် ခတ္တမန္ဒူသို့ ပျံသန်းပြီး ပြည်ပခရီးစဉ်အား ပထမဆုံးအကြိမ် ပြေးဆွဲခဲ့ကာ တောင်အာရှ၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့တောင်အာရှတို့အထိ ချဲ့ထွင်ခဲ့ကြောင်း သိရသည်။

နီပေါသည် မကြာသေးမီနှစ်များအတွင်း လေကြောင်းမတော်တဆမှုအချို့ကို ရင်ဆိုင်ခဲ့ရရာ ခရီးသွားကဏ္ဍအတွက် ထိုးနှက်ချက် တစ်ရပ်ဖြစ်ခဲ့သည်။ အားနည်းသောပြုပြင်ထိန်းသိမ်းမှုများ၊ အတွေ့အကြုံနည်းပါးသော လေယာဉ်မှူးများနှင့် စံချိန်မမီသော စီမံခန့်ခွဲမှုများက လေကြောင်း ဘေးကင်းလုံခြုံရေး မှတ်တမ်းဆိုးရွားစေမှုတွင် အများအပြား သက်ရောက်ခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် အစောပိုင်းတွင်  Twin Otta ပန်ကာတပ် တာဗိုဂျက်အင်ဂျင်လေယာဉ်တစ်စင်းသည် နီပေါရှိ တောင်တန်းတစ်ခုကို ဝင်တိုက်မိပြီး လိုက်ပါလာသူ ၂၃ ဦးစလုံး သေဆုံးခဲ့ရသည်။

ယင်းဖြစ်စဉ်အပြီး နှစ်ရက်အကြာတွင် ခရီးသည်တင်လေယာဉ်ငယ်တစ်စင်းသည် တောင်ထူထပ်သော နီပေါ အလယ်-အနောက် ပိုင်း၌ ပျက်ကျခဲ့ရာ လေယာဉ်မှူးနှစ်ဦး သေဆုံးခဲ့ရသည်။

Most Read

Most Recent