မူးယစ်ဆေးဝါး သုံးစွဲသူအများစုမှာ အသက် ၁၅ နှစ်မှ ၄၀ ကြားရှိ အရွယ်များ သုံးစွဲမှုပိုများဟု သိရ

မူးယစ်ဆေးဝါး သုံးစွဲသူအများစုမှာ အသက် ၁၅ နှစ်မှ ၄၀ ကြားရှိ အရွယ်များ သုံးစွဲမှုပိုများဟု သိရ
Published 13 March 2018

မူးယစ်ဆေးဝါး သုံးစွဲသူအများစုမှာ အသက် ၁၅ နှစ်မှ ၄၀ ကြားအရွယ်များက သုံးစွဲမှုပိုမိုများပြားကြောင်း မူးယစ်ဆေးဝါး ကင်းစင်ပြီးသော ကျောင်းသားလူငယ်များအတွက် အလုပ်အကိုင်ဆိုင်ရာ ပံ့ပိုးကူညီခြင်း စီမံကိန်း ပြီးစီးအောင်မြင်မှု အထိမ်းအမှတ်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲကို မတ် ၁၂ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ စီးတီးစတား ဟိုတယ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ဒီမူးယစ်ဆေးဝါးနဲ့ ပတ်သတ်ပြီးတော့ ဒီလူငယ်တွေက ကျွန်တော်တို့ တိုင်းပြည်တစ်ပြည်လုံးနဲ့ကြည့်တဲ့အခါမှာ အသက် ၁၅ နှစ် နဲ့ အသက် ၄၀ ကြားမှာ အများစု မူးယစ်ဆေးဝါးကိုသုံးစွဲပြီး ပျက်စီးနေတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ သူတို့ရဲ့ မိသားစုတွေကလည်း အင်မတန်မှ ပူလောင်ပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲတဲ့ မိသားစုရှိတဲ့ လူငယ်တစ်ယောက်ဟာ  တစ်မိသားစုလုံးမကဘူး။ တစ်မျိုးလုံးဟာ စိတ်သောက အင်မတန်မှ ဒုက္ခရောက်တဲ့ အခြေအနေမျိုးမှာ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဝန်းဝိုင်းဖေးမပြီးတော့ ပြုစုပျိုးထောင်မယ်ဆိုရင် အနာဂတ်မှာ မျှော်လင့်ချက်တွေ အများကြီးရှိပါတယ်။ သူတို့ကိုယ်တိုင်ရဲ့ဘဝအောင်မြင်ခြင်း အတွက်လည်း အင်မတန်အရေးကြီးသလို သူတို့မိသားစု၊ သူတို့နေတဲ့ ရပ်ကွက်၊ ကျေးရွာ၊ ပတ်ဝန်းကျင်၊ နိုင်ငံတော် အားလုံး မူးယစ်ဆေးဝါးကင်းစင်မယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်ဟာ အင်မတန်မှတိုးတက်တဲ့ မျှော်လင့်ချက်ကြီးမားတဲ့ လူငယ်တွေအများကြီး ထွက်ပေါ်လာမှာဖြစ်ပါတယ်” ဟု ဟားဗတ်စ် လူငယ်ပြုစုပျိုးထောင်ရေးစင်တာမှ ကျောင်းအုပ်ကြီး သိက္ခာတော်ရ ဦးဇော်တောင်က ပြောကြားသည်။

ထို့ပြင်ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင် ဟားဗတ်စ် လူငယ်ပြုစုပျိုးထောင်ရေး စင်တာကို ၂၀၁၂ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး ကျောင်းသားပေါင်း ၂၀၀ ကျော်ကို ဆေးဖြတ်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များသင်ပေးခြင်း ပြုလုပ်ပေးခဲ့ရာ အောင်မြင်မှုများရရှိနေပြီး ဆေးစွဲလူနာများ ရှိပါက ၎င်းတို့ထံ ဆက်သွယ်စုံစမ်းဆောင်ရွက်နိုင်ပြီး Harvest Rehabilitation Center Facebook Page မှလည်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း ဦးဇော်တောင်က ဆက်လက်ပြောကြားသည်။

“မူးယစ်ဆေးဝါး ကျေးကျွန်ဘဝမှာ ရောက်နေတဲ့သူတွေလည်း ရောက်နေတဲ့နေရာ ဘဝကနေ အမြန်ဆုံးရုန်းထွက်ရအောင်။ ကျွန်တော်တို့ကို လူတိုင်းက ကူညီချင်တယ်။ အားပေးနေတယ်ဆိုတဲ့ အကြောင်းကို ပြောချင်တယ်။ နောက်ပြီးတော့ မူးယစ်ဆေးဝါး မသုံ သေးတဲ့လူငယ်တွေလည်း မူးယစ်ဆေးဝါးကို ပေါ့ပေါ့သေးသေး သဘောမထားပါနဲ့။ မူးယစ်ဆေးဝါးက ကျွန်တော်တို့ရဲမိသားစုတွေ၊ ကျွန်တော်တို့ရဲ့ဘဝတွေ အကုန်လုံးကိုဖျက်ဆီးနိုင်တဲ့ အကြီးဆုံးရန်သူတစ်ယောက် ဖြစ်တယ်ဆိုတဲ့အကြောင်း ကျွန်တော်ပြောချင်ပါတယ်” ဟု သင်တန်းကျောင်းမှ ဆေးဖြတ်ပြီး လူငယ်တစ်ဦးက ပြောကြားသည်။

Most Read

Most Recent