မောင်တောမြို့နယ် မယင်းတောင်ခြေတွင် လှည့်ကင်းတာဝန် ထမ်းဆောင်နေသည့် လုံခြုံရေးစစ်ကြောင်းအား ဝိုင်းဝန်းတိုက်ခိုက်မှုဖြစ်စဉ်မှ ဖမ်းဆီးတရားစွဲဆိုထားသည့် ဘင်္ဂါလီ ၂၉၄ ဦးအနက် ၂၇၆ ဦးအား ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ပြီး ၁၈ ဦးအား တရားသေလွှတ်ပေး

မောင်တောမြို့နယ် မယင်းတောင်ခြေတွင် လှည့်ကင်းတာဝန် ထမ်းဆောင်နေသည့် လုံခြုံရေးစစ်ကြောင်းအား ဝိုင်းဝန်းတိုက်ခိုက်မှုဖြစ်စဉ်မှ ဖမ်းဆီးတရားစွဲဆိုထားသည့် ဘင်္ဂါလီ ၂၉၄ ဦးအနက် ၂၇၆ ဦးအား ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ပြီး ၁၈ ဦးအား တရားသေလွှတ်ပေး
Published 13 March 2018

မောင်တောမြို့နယ် မယင်းတောင်ခြေတွင် လှည့်ကင်းတာဝန် ထမ်းဆောင်နေသည့် လုံခြုံရေးစစ်ကြောင်းအား ဝိုင်းဝန်းတိုက်ခိုက်မှုဖြစ်စဉ်မှ ဖမ်းဆီးတရားစွဲဆိုထားသည့် ဘင်္ဂါလီ ၂၉၄ ဦးထဲမှ ၂၇၆ ဦးအား ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်ပြီး ၁၈ ဦးအား တရားသေ  လွှတ်ပေးခဲ့သည့်အမိန့်ကို မတ် ၅ ရက်က မောင်တောခရိုင်တရားရုံး (ဘူးသီးတောင်ရုံးထိုင်) က ချမှတ်ခဲ့ကြောင်း သိရသည်။

အမိန့်ချမှတ်ရာတွင် အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်သူများကို လူသတ်မှု ပုဒ်မ ၃၀၂ (၂)/၃၄ ဖြင့် ထောင်ဒဏ် ၁၀ နှစ်စီကျခံစေရန် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မောင်တောခရိုင် ဒုတရားသူကြီး ဦးညိုလွင်ဦးက“မတ် ၅ ရက်က အမိန့်ချတဲ့အထဲမှာ စုစုပေါင်း ၂၉၄ ယောက်ရှိပါတယ်။ အဲဒီအထဲက ၁၈ ယောက်ကို တရားသေလွှတ်တယ်။ ကျန်တဲ့သူတွေကိုတော့ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၂)/၃၄ ဖြင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်ပါတယ်။ ၂၀၁၆ ခုနှစ် အကြမ်းဖက်မှုဖြစ်စဉ်က အမှုတွေအားလုံး စီရင်ချက် ချမှတ်ပြီးပါပြီ” ဟု ပြောကြားသည်။

၂၀၁၆ အောက်တိုဘာ ၉ ရက်က မောင်တောဒေသ နယ်ခြားစောင့်ရဲဌာနချုပ်နှင့် ရဲစခန်းနှစ်ခုကို အကြမ်းဖက်စီးနင်းတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်သည့် တပ်မတော်စစ်ကြောင်းအား အကြမ်းဖက်သမားများက ဝိုင်းဝန်းတိုက်ခိုက်  မှုဖြစ်စဉ်မှ အမှုနှစ်မှုတွင် တရားခံ ၃၀၀ ကျော်အား ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။

မောင်တောမြို့နယ် မယင်းတောင်ခြေတွင် လှည့်ကင်းတာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးစစ်ကြောင်းအား ဝိုင်းဝန်းတိုက်ခိုက်မှု ဖြစ်စဉ်မှ ပထမအမှုတွင် ဖမ်းဆီးတရားစွဲဆိုထားသည့် ဘင်္ဂါလီ ၃၉ ဦးအနက်မှ ဘင်္ဂါလီ  ငါးဦးအား အမှုမှ အပြီးလွှတ်ပေးခဲ့ပြီး ဘင်္ဂါလီ  ၃၄ ဦးကို ထောင်ဒဏ် ၁၈ နှစ်စီကျခံစေရန် ဖေဖော်ဝါရီ ၂၁ ရက်က စီရင်ချက်အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

အမိန့်ချမှတ်ရာတွင် အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်သူများကို လူသတ်မှုပုဒ်မ ၃၀၂ (၂)/၃၄ ဖြင့် ထောင်ဒဏ် ၁၀ နှစ်စီ၊ ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် သို့တည်းမဟုတ် နည်းဖြင့် အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆/၃၄ ဖြင့် ထောင်ဒဏ်ငါးနှစ်စီ နှင့် ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် သို့တည်းမဟုတ် နည်းဖြင့် မိမိအလိုအလျောက် နာကျင်စေမှု ပုဒ်မ ၃၂၄/၃၄ ဖြင့် ထောင်ဒဏ် သုံးနှစ်စီ စုစုပေါင်း ထောင်ဒဏ် ၁၈ နှစ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်က မောင်တောနယ်စပ် ငါးခူရ နယ်ခြားစောင့် ရဲစခန်းအား တိုက်ခိုက်ခဲ့သည့်အတွက် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ဘင်္ဂါလီ လေးဦးအား သေဒဏ်ချမှတ်ပြီး ၂၆ ဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့ကာ ၁၅ ဦးအား ပြန်လွှတ်ပေးခဲ့သည့် အမိန့်ကို ဖေဖော်ဝါရီ ၂၃ ရက်က ချမှတ်ခဲ့ကြောင်း သိရသည်။

ပြစ်ဒဏ်ချမှတ်ခဲ့ရာတွင် တင်ကူးကြံရွယ်ချက်ဖြင့်ကျူးလွန်သော လူသတ်မှု ပုဒ်မ ၃၀၂ (၁) (ခ) ဖြင့် ဘင်္ဂါလီလေးဦးအား သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ကျန် ၂၆ ဦးအား လူသတ်မှု  ပုဒ်မ ၃၀၂ (၂)/၃၄ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် ၂၀၊ ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် သို့တည်းမဟုတ် နည်းဖြင့် အပြင်းအထန် နာကျင်စေမှုပုဒ်မ ၃၂၆/၃၄ ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်၊ လူသတ်ခြင်းကို အားပေးကူညီခြင်းအမှု ပုဒ်မ ၃၀၂ (၂)/၁၁၄ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်၊ ဘေးဖြစ်စေသော လက်နက်ဖြင့် အပြင်းအထန်နာကျစေခြင်းကို အားပေးကူညီမှု ပုဒ်မ ၃၂၆/၁၁၄ ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ငါးနှစ် စသဖြင့် ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်က   ငါးခူရနယ်ခြားစောင့်ရဲစခန်းအား တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် နယ်ခြားစောင့်ရဲအရာရှိ ဒုရဲအုပ် တစ်ဦးနှင့် ရဲတပ်သားတစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

၂၀၁၆ အောက်တိုဘာ ၉ ရက်က မောင်တောဒေသ နယ်ခြားစောင့်ရဲဌာနချုပ်နှင့် ရဲစခန်းနှစ်ခုကို အကြမ်းဖက်စီးနင်းတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ တရားရုံးအသီးသီး၌ ဖမ်းဆီးတရားစွဲဆိုထားသည့် ဘင်္ဂါလီ  ၅၀၇ ဦးရှိခဲ့ပြီး လက်ရှိတွင် အမှုအားလုံး ပြီးပြတ်သွားပြီဖြစ်ကြောင်း သိရသည်။

၂၀၁၆ အောက်တိုဘာ ၉ ရက်က မောင်တောဒေသရှိ နယ်ခြားစောင့်ရဲဌာနချုပ်နှင့်  ရဲစခန်းနှစ်ခုကို အကြမ်းဖက်စီးနင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်ကိုးဦး  ကျဆုံးစေခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက် အကြမ်း ဖက်ဖြစ်စဉ်မှ ဖမ်းဆီးရမိ တရားခံ ၇၁ ဦးအား  အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများ  နှင့် တရားစွဲထားခြင်းဖြစ်ကြောင်းနှင့် လက်ရှိတွင် အဆိုပါအမှုများကို စစ်ဆေးသည့် အနေအထားသာရှိပြီး တစ်မှုမှ စီရင်ချက်မချရသေး ဟုလည်း မောင်တောခရိုင် ဒုတိယတရားသူကြီး ဦးညိုလွင်ဦးက ပြောကြားသည်။

Most Read

Most Recent