ပဲခူးမြို့တွင် အမျိုးသမီးတစ်ဦးအား မုဒိမ်းကျင့်ရန်ကြံစည်သူကို ဖမ်းဆီး

ပဲခူးမြို့တွင် အမျိုးသမီးတစ်ဦးအား မုဒိမ်းကျင့်ရန်ကြံစည်သူကို ဖမ်းဆီး
Published 12 March 2018

ပဲခူးမြို့တွင် အထည်ဆိုင်သို့ အထည်ဖိုး သွားပေးရန်ထွက်လာသော အမျိုးသမီးအား ခင်မင်ရင်းနှီးသူ အမျိုးသားတစ်ဦးက အထည်ဆိုင်သို့ ပို့ပေးမည်ဟုဆိုကာ ဆိုင်ကယ်ဖြင့်တင်ခေါ်သွားပြီး လူအသွားအလာပြတ်သော လမ်း၏အမှောင်နေရာအရောက်တွင် မုဒိမ်းပြုကျင့်ရန် ကြိုးစားအားထုတ်မှုကြောင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ် ၉ ရက် ည ၉ နာရီခန့်တွင် ပဲခူးမြို့ ကျွန်းသာယာရပ်ကွက် နယ်မြေ (၇) ကျောင်းလမ်းရှိ မ.... (၁၇နှစ်) သည် ကျွန်းသာယာရပ်ကွက် နယ်မြေ (၅) ရှိ စမူဒါအထည်ဆိုင်သို့ အထည်ဖိုးပေးရန် ထွက်လာစဉ် ရပ်ကွက်အတွင်းရှိ ဘောလုံးကွင်းအရောက်တွင် မျိုးမင်းဦး (၃၀ နှစ်) ပဲခူးမြို့ ဇိုင်းတောင်ရပ် ကွက်နေသူက “နင်ဘယ်သွားမလို့လဲ။ လိုက်ပို့ပေးမယ်” ဟု ပြောသဖြင့် အဖြူရောင်ဆိုင်ကယ်ဖြင့်လိုက်လာခဲ့ရာ စမူဒါအထည်ဆိုင် ရောက်သော်လည်း ရပ်မပေးဘဲ တပ်မ (၇၇) အကျော် အမှောင်ရိပ်လှည်းလမ်းကြားသို့ မောင်းဝင်ပြီး မုဒိမ်းကျင့်ရန်လုပ်ဆောင်ကြောင်း၊ ထို့နောက် မ....က ငိုယိုတောင်းပန်၍ ပြန်ပြောလျှင် ဓားနဲ့ထိုးသတ်မည်ဟု ခြိမ်းခြောက်ပြီး ပြန်ပို့ခဲ့ကြောင်း၊ အိမ်သို့ပြန်ရောက်သောအခါ နှစ်ဦးနှစ်ဖက်ညှိနှိုင်းသော်လည်း ပြေလည်မှုမရရှိသဖြင့် မတ် ၁၁ ရက်တွင် ပဲခူးမြို့မရဲစခန်းသို့ မ...က အမှုဖွင့်တိုင်ကြားခဲ့သည်။

“ဒီဖြစ်စဉ်က ဟုတ်ပါတယ်။ ဒီနေ့မှ အမှုဖွင့်တာက သူတို့အချင်းချင်း ညှိနေကြလို့ပါ။ ကျူးလွန်သူကိုလည်း ဖမ်းဆီးထားပြီးပါပြီ။ အမှုဖွင့်ပြီး ဆက်လက်ဆောင်ရွက်နေပါတယ်” ဟု မြို့မရဲစခန်းမှ ရဲအုပ်ကျော်ဇေယျာထွန်းက ပြောကြားသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ မျိုးမင်းဦးအား ပဲခူးမြို့မရဲစခန်းက (ပ) ၂၄၅/ ၂၀၁၈ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆/ ၅၁၁ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။            မောင်အေး (ပဲခူး)

Most Read

Most Recent