လပွတ္တာမြို့တွင် လေပြင်းတိုက်မှုကြောင့် စာသင်ကျောင်းအပါအဝင် အဆောက်အအုံ ၁၈ လုံး ပျက်စီး

လပွတ္တာမြို့တွင် လေပြင်းတိုက်မှုကြောင့် စာသင်ကျောင်းအပါအဝင် အဆောက်အအုံ ၁၈ လုံး ပျက်စီး
Published 12 March 2018

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော နေအိမ်အား တွေ့ရစဉ် (ဓာတ်ပုံ-ကောင်းမြတ်)

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့တွင် မတ် ၁၀ ရက် ညနေ ၅ နာရီခန့်က မိုးထစ်ချူန်းရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်း အပါအဝင် အဆောက်အအုံ  ၁၈ လုံး ပျက်စီးခဲ့ကြောင်း လပွတ္တာခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

လပွတ္တာမြို့အတွင်းမှ ရှော်ချောင်းကျေးရွာအုပ်စုအတွင်းရှိ ရေချိုကုန်း၊ ချမ်းသာကြီး (၁)၊ ကွင်းသုံးဆင့်ကျေးရွာတို့တွင် ဖြစ်ပွားခဲ့ပြီး မူလတန်းကျောင်း၊ မူကြိုကျောင်း၊ ငါးပုံဆန် စက်တစ်လုံးနှင့် လူနေအိမ်သွပ်မိုးပျဉ်ထောင် အိမ်နှစ်လုံး၊ ဓနိမိုးဓနိကာတဲအိမ် ၁၃ လုံး စုစုပေါင်း ၁၈ လုံး အမိုးလန်ပျက်စီးခြင်းဖြစ်ပြီး အိမ်ထောင်စု ၂၀ လေဘေးဒဏ်သင့်ခဲ့ရကြောင်း သိရသည်။

“လူနဲ့တိရစ္ဆာန် ထိခိုက်မှုမရှိခဲ့ပါဘူး။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ဒီနေ့စပြီး အကူအညီပေးနေကြပြီဖြစ်တာကြောင့် နောက်နှစ်ရက်လောက်ဆိုရင် ပျက်စီးမှုတွေပြုပြင်ပြီး ဖြစ်သွားမှာ” ဟု လပွတ္တာခရိုင် အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင်က ပြောကြားသည်။

လေဘေးသင့် အိမ်ထောင်စုတစ်စုလျှင် ဆန် ၁၆ ပြည်နှင့် ကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်ထားကြောင်း၊ ပျက်စီးသွားသော နေအိမ်နှင့် အဆောက်အအုံများ ပြုပြင်တည်ဆောက်ရန်အတွက် ကျသင့်ငွေကြေးအား တွက်ချက်ကာ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနသို့ တင်ပြထားကြောင်း သိရသည်။

လပွတ္တာမြို့သည် နာဂစ်မုန်တိုင်းကာလတွင်လည်း ထိခိုက်ပျက်စီးမှုများပြားခဲ့ပြီး နှစ်စဉ် လေပြင်းတိုက်ခတ်မှု အနည်းအများ ဖြစ်ပွားတတ်ကြောင်း ဒေသခံများထံမှ သိရသည်။

Most Read

Most Recent