ရန်ကုန်တိုင်းဒေသကြီးရှိ SME လုပ်ငန်းများအတွက် မြန်မာ့စီးပွားရေးဘဏ်မှ အတိုးကိုးရာခိုင်နှုန်းဖြင့် ငွေထုတ်ချေးနိုင်ရန် စီစဉ်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီးရှိ SME လုပ်ငန်းများအတွက် မြန်မာ့စီးပွားရေးဘဏ်မှ အတိုးကိုးရာခိုင်နှုန်းဖြင့် ငွေထုတ်ချေးနိုင်ရန် စီစဉ်လျက်ရှိ
Published 12 March 2018

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ SME အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် မြန်မာ့စီးပွားရေးဘဏ်မှ အတိုးကိုးရာခိုင်နှုန်းဖြင့် ငွေထုတ်ချေးပေးနိုင်ရန် စီစဉ်လျက်ရှိပြီး အခြားပုဂ္ဂလိကဘဏ်များနှင့်လည်း ညှိနှိုင်းလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက မတ် ၆ ရက်တွင်ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး (ဒသမနေ့) ၌ ပြောကြားသည်။

အသေးစား အလတ်စားလုပ်ငန်းများ၏ ချေးငွေနှင့်ပတ်သက်၍ မြန်မာ့စီးပွားရေးဘဏ်မှ နှစ်အလိုက်  ချေးငွေများကို ထုတ်ချေးပေးရေးကို ညွှန်ကြားချက်အမှတ် ၁၆၁/ ၂၀၁၇ ဖြင့် စီစစ်ထုတ်ချေးပေးလျက်ရှိကြောင်း ဝန်ကြီးဦးမြင့်သောင်းက ပြောကြားသည်။

“အသေးစား အလတ်စားလုပ်ငန်းများအနက် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ပြည်ပ ပို့ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ပြည်ပသွင်းကုန် အစားထိုးလုပ်ငန်းများကိုလည်း မြန်မာ့စီးပွားရေး ဘဏ်ကနေပြီးတော့ နှစ်အလိုက် သုံးနှစ်ကနေ ငါးနှစ်အထိ ထုတ်ချေးပါတယ်။ အတိုးနှုန်းကတော့ သက်သာတဲ့အတိုးဖြစ်တဲ့ ကိုးရာခိုင်နှုန်းနဲ့ထုတ်ချေးဖို့ စီစဉ်လျက်ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း SME များကို ချေးငွေထုတ်ပေးရာမှာ ကိုးရာခိုင်နှုန်းနဲ့သက်သာတဲ့ အတိုးနှုန်းနဲ့ ထုတ်ချေးနိုင်ဖို့ကို အခြားပုဂ္ဂလိက ဘဏ်များနဲ့ ဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်” ဟု  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။

အသေးစားနှင့်အလတ်စား စီးပွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ စီးပွားရေး လုပ်ငန်းပေါင်း ၅၀၀၀၀ ကျော်ကို စာရင်းကောက်ယူလျက်ရှိကြောင်း၊ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများစာရင်း ကောက်ရေးကော်မတီကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ဖွဲ့စည်းပေးထားကြောင်း သိရသည်။

၂၀၁၇ ခုနှစ်အောက်တိုဘာလမှစ၍ စီးပွားရေးလုပ်ငန်းများကို စာရင်းကောက်ယူလျက်ရှိကာ SME နှင့်ပတ်သက်သည့် မှတ်ပုံတင်နှင့် စိစစ်ရေးကဒ်များကို ထုတ်ပေးရန် စီစဉ်လျက်ရှိကြောင်း ဝန်ကြီးဦးမြင့်သောင်းက ပြောကြားသည်။

Most Read

Most Recent