w ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်ခဲ့သည့် ရခိုင်နှင့်မြိုလူမျိုး ၂၀၀ ကျော် မောင်တောမြို့နယ်သို့ ၀င်ရောက်ခိုလှုံ - Eleven Media Group <

ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်ခဲ့သည့် ရခိုင်နှင့်မြိုလူမျိုး ၂၀၀ ကျော် မောင်တောမြို့နယ်သို့ ၀င်ရောက်ခိုလှုံ

သစ်တုံးနားခွဆုံကျေးရွာတွင် ယာယီတဲထိုးနေသည့် ဘင်္ဂလားဒေ့ရှ်မှ ၀င်ရောက်လာသူအချို့အား မတ် ၁၁ ရက်က တွေ့ရစဉ်

ဘင်္ဂါလီတို့၏ ခြိမ်းခြောက်မှုကိုခံရသဖြင့် စားဝတ်နေရေးခက်ခဲလာသည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေထိုင်ခဲ့သည့် ရခိုင်နှင့် မြိုလူမျိုး ၂၀၀ ကျော် မြန်မာနိုင်ငံ မောင်တောမြို့နယ်သို့ ၀င်ရောက်ခိုလှုံရောက်ရှိနေကြောင်း သိရသည်။

၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်း ဖေဖော်ဝါရီ ၂၁ ရက်မှ မတ် ၉ ရက်အထိ မြန်မာနိုင်ငံ မောင်တောမြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသူ အိမ်ထောင်စု ၅၆ စု လူဦးရေ ၂၆၈ ဦးအထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြောင်းရွှေ့လာသူများတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒရာဘန်ခရိုင် တန်းဆိပ်မြို့နယ် မော်တုတ်ကြီးကျေးရွာမှ ရခိုင်မိသားစု ၁၅ စု၊ လူဦးရေ ၄၈ ဦးသည် မောင်တောမြို့နယ်မြောက်ပိုင်း အောင်သပြေကျေးရွာ စာသင်ကျောင်းတွင် ခိုလှုံရောက်ရှိနေကြပြီး သစ်တုံးနားခွဆုံကျေးရွာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒရာဘန်ခရိုင် တန်းဆိပ်မြို့နယ် လမားကျေးရွာမှ မြိုမိသားစု ၃၀၊ လူဦးရေ ၁၅၅ ဦး နှင့် သုပဏ္ဏကကျေးရွာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အလယ်ခေါ်တော်ခရိုင်ဘော်ဘီတီ ကျေးရွာမှ မြိုမိသားစု ၁၁ စု လူဦးရေ ၆၅ ဦးတို့ ရောက်ရှိခိုလှုံနေကြကြောင်း သိရသည်။

“အခု အောင်သပြေရွာမှာ ရောက်နေသူတွေက စာသင်ကျောင်းမှာနေကြတယ်။ သူတို့ကို လွှတ်တော်ကိုယ်စားလှယ်တွေက ယာယီစားသောက်ဖို့ ရိက္ခာထောက်ပံ့ထားတယ်လို့ သိရတယ်။ နောက်မတ် ၉ ရက်က ထပ်ရောက်လာတဲ့ မြိုတိုင်းရင်းသားတွေကျတော့သုပဏ္ဏကကျေးရွာနဲ့ သစ်တုံးနားခွဆုံမှာ ၀င်နေကြတယ်။ သူတို့က စားဖို့အခက်အခဲရှိလို့ CRR က ဒီကနေ့ ရိက္ခာထောက်ပံ့တယ်။ အခုတော့ ယာယီတဲထိုးနေထိုင်နေကြတယ်။ သူတို့ကို မိုးမကျခင် အမိုးအကာအောက်ရောက်အောင် ကူညီဖို့လိုအပ်နေတယ်။ သူတို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘင်္ဂါလီတွေရဲ့ခြိမ်းခြောက်ခံရလို့ အပြင်ထွက် အလုပ်မလုပ်နိုင်လို့ မြန်မာနိုင်ငံကို ၀င်လာတာဖြစ်တယ်” ဟု အဆိုပါ ဘင်္ဂလားဒေ့ရှ်မှ ၀င်ရောက်လာသူများအား ကူညီနေသူ ကိုကျော်ဝင်းက ပြောကြားသည်။

ယင်းမတိုင်မီ ဖေဖော်ဝါရီ ၂၂ ရက်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဦးမောင်အေးစိန် (၇၂ နှစ်) ပါ ခြောက်ဦး (ကျား ၄၊ မ ၂) တို့ မောင်တောမြို့နယ် နံ့သာတောင်ကျေးရွာသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

၎င်းတို့မှာ နေထိုင်စားသောက်ရေး ခက်ခဲခြင်း၊ အစ္စလာမ်ဘာသာဝင်အချို့မှ လူမျိုးရေး၊ စီးပွားရေး အနိုင်ကျင့်ခြိမ်းခြောက်ခြင်းတို့ကြောင့် မြန်မာနိုင်ငံသို့ ၀င်ရောက်လာခြင်းဖြစ်ပြီး လက်ရှိတွင် အဆိုပါပြောင်းရွှေ့ဝင် ရောက်လာသူများအား ရဲတပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနတို့မှ ၀န်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

လတ်တလော စားရေးသောက်ရေး အခက်အခဲရှိနေသည့် သစ်တုံးနားခွဆုံနှင့် သုပဏ္ဏက ကျေးရွာများရှိ မြိုမျိုးနွယ်စုတို့ အရေးပေါ် စားသောက်နိုင်ရေး CRR က ၅၀ Kg ဆန်အိတ် ၂၀ အား ထောက်ပံ့ပေးခဲ့ပြီး မောင်တောမြောက်ပိုင်းသို့ ခိုလှုံလာသော ရခိုင်မျိုးနွယ်စုတို့အတွက် လိုအပ်သည့် အိမ်အသုံးအဆောင်၊ အခြားစားနပ်ရိက္ခာများ၊ အ၀တ်အထည်တို့ကို ပံ့ပိုးနိုင်ရေး CRR က ဆက်စပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၁၂ ခုနှစ် မောင်တောနယ်စပ် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူနည်းစုတိုင်းရင်းသားများအား ဘင်္ဂါလီများက ခြိမ်းခြောက်အနိုင်ကျင့်ခံလာရသဖြင့် ရခိုင်လူမျိုးနှင့် မြိုမျိုးနွယ်စု ထောင်နှင့်ချီ မောင်တောမြို့နယ်သို့ ၀င်ရောက်ခိုလှုံလျက်ရှိကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ပဋိပက္ခနောက်ပိုင်း ၀င်ရောက်လာသူများထဲမှ အသက် ၁၈ နှစ် ပြည့်ပြီးသူများအား လ၀ကမှ သုံးနှစ် ပြည်တွင်းဝင် ရောက်နေထိုင်ခွင့်လက်မှတ်နှင့် အိမ်ထောင်စုစာရင်းများ ထုတ်ပေးထားကြောင်း သိရသည်။

March 11, 2018














Copy Protected by Chetan's WP-Copyprotect.