လက်ရှိဘဏ္ဍာနှစ်မကုန်ဆုံးမီ ပြည်ပကုန်သွယ်မှု ပမာဏလျာထားချက် ဒေါ်လာ ၂၉ ဘီလျံကို ကျော်လွန်ရရှိခဲ့သော်လည်း ပို့ကုန်တင်ပို့မှု လျာထားချက်ပြည့်မီရန် လိုအပ်နေ

လက်ရှိဘဏ္ဍာနှစ်မကုန်ဆုံးမီ ပြည်ပကုန်သွယ်မှု ပမာဏလျာထားချက် ဒေါ်လာ ၂၉ ဘီလျံကို ကျော်လွန်ရရှိခဲ့သော်လည်း ပို့ကုန်တင်ပို့မှု လျာထားချက်ပြည့်မီရန် လိုအပ်နေ
Published 11 March 2018

ရေကြောင်းကုန်သွယ်မှုတွင် အရေးပါသည့် ရန်ကုန်မြို့ဆိပ်ကမ်းတစ်ခု၏ မြင်ကွင်း (ဓာတ်ပုံ-ကြည်နိုင်)

လက်ရှိဘဏ္ဍာနှစ်မကုန်ဆုံးမီ ပြည်ပကုန်သွယ်မှု ပမာဏလျာထားချက် ဒေါ်လာ ၂၉ ဘီလျံကို ကျော်လွန်ရရှိခဲ့သော်လည်း ပို့ကုန်တင်ပို့မှု လျာထားချက်ပြည့်မီရန် လိုအပ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များအရ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဖေဖော်ဝါရီ ၂၃ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၂၉၅၀၂ ဒသမ ၅၈၅ သန်းရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ၃၉၁၇ ဒသမ ၄၈၂ သန်း ပိုမိုခဲ့ကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၂၃ ရက်အထိ ပြည်ပကုန်သွယ်မှု ပမာဏဒေါ်လာ ၂၉ ဘီလျံကျော်တွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ကုန်သွယ်မှုပမာဏဒေါ်လာ ၂၂၀၅၆ ဒသမ ၉၇၄ သန်းနှင့် နယ်စပ်ကုန်သွယ်မှု ပမာဏဒေါ်လာ ၇၄၄၅ ဒသမ ၆၁၁ သန်း ပါဝင်ကြောင်း သိရသည်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှုပမာဏမှာ ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ၃၃၈၀ ဒသမ ၇၂၉ သန်းပိုမိုခဲ့ပြီး နယ်စပ်ကုန်သွယ်မှု ပမာဏမှာမူ ယခင်ဘဏ္ဍာနှစ် ကာလတူထက်ဒေါ်လာ ၅၃၆ ဒသမ ၇၅၃ သန်း ပိုမိုခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကုန်သွယ်မှုဆိုင်ရာ စာရင်းများအရ သိရသည်။

လက်ရှိဘဏ္ဍာနှစ်ကုန်သွယ်မှု ပမာဏဒေါ်လာ ၂၉ ဘီလျံကျော်တွင် ပို့ကုန်တန်ဖိုးဒေါ်လာ ၁၂၈၁၀ ဒသမ ၆၂၇ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၆၆၉၁ ဒသမ ၉၅၈ သန်း ပါဝင်ကြောင်း သိရသည်။ သွင်းကုန်တန်ဖိုးမှာ ပို့ကုန်တန်ဖိုးထက်များနေသဖြင့် ကုန်သွယ်မှုလိုငွေဒေါ်လာ ၃၈၈၁ ဒသမ ၃၃၁ သန်း ဖြစ်ပေါ်နေကြောင်း သိရသည်။ ယခင်ဘဏ္ဍာနှစ် ကာလတူတွင်မူ ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ ၄၄၆၇ ဒသမ ၆၇၇ သန်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ကုန်သွယ်မှုဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏဒေါ်လာ ၂၉ ဘီလျံနှင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာတစ်ဘီလျံ ရှိမည်ဟု ခန့်မှန်းထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ခန့်မှန်းခြေ အဆိုပြုတင်ပြချက် အနှစ်ချုပ်တွင် ဖော်ပြထားချက်အရ သိရသည်။

အဆိုပါဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်တန်ဖိုး ဒေါ်လာ ၁၄၀၀၀ သန်းနှင့် သွင်းကုန်တန်ဖိုးဒေါ်လာ ၁၅၀၀၀ သန်းဟု ခန့်မှန်းထားသဖြင့် ကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၂၉၀၀၀ သန်းဖြစ်ပြီး ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာသန်း ၁၀၀၀ (တစ်ဘီလျံ) ဖြစ်မည်ဟု ခန့်မှန်းထားသည်။ လက်ရှိအခြေအနေအရ ကုန်သွယ်မှုပမာဏ လျာထားချက် ကျော်လွန်ခဲ့သော်လည်း ပို့ကုန်တင်ပို့မှု လျာထားချက်မှာပြည့်မီရန် လိုအပ်နေကြောင်း သိရသည်။

ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် ကုန်သွယ်မှုစာရင်းများအရ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေဒေါ်လာ ၉၁ ဒသမ ၉ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၂၅၅၅ ဒသမ ၅ သန်းရှိခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ ၄၉၁၂ ဒသမ ၅၅၉ သန်းရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent