ပိုမိုကောင်းမွန်သော စည်ပင်သာယာရေး ဝန်ဆောင်မှုများ ရရှိမည်ဆိုပါက ပစ္စည်းအခွန်တိုးမြှင့် ကောက်ခံခြင်းကို လက်ခံမည်ဟု မြို့ပြနေပြည်သူ ရာခိုင်နှုန်း ၇၀ ခန့်က သဘောတူကြောင်း အာရှဖောင်ဒေးရှင်း၏ အစီရင်ခံစာတွင် ဖော်ပြ

ပိုမိုကောင်းမွန်သော စည်ပင်သာယာရေး ဝန်ဆောင်မှုများ ရရှိမည်ဆိုပါက ပစ္စည်းအခွန်တိုးမြှင့် ကောက်ခံခြင်းကို လက်ခံမည်ဟု မြို့ပြနေပြည်သူ ရာခိုင်နှုန်း ၇၀ ခန့်က သဘောတူကြောင်း အာရှဖောင်ဒေးရှင်း၏ အစီရင်ခံစာတွင် ဖော်ပြ
Published 11 March 2018

သမားရိုးကျဆန်လွန်းသော ရန်ကုန်မြို့၏ အမှိုက်သိမ်းစနစ်ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)

ပစ္စည်းအခွန်ပေးဆောင်ရခြင်းသည် ပမာဏ အလွန်နည်းသော်လည်း မြင်သာထင်သာပြီး အကြိမ်ရေများကာ ကျယ်ကျယ်ပြန့်ပြန့် ပေးဆောင်ရခြင်းကြောင့် ပိုမိုကောင်းမွန်သော စည်ပင်သာယာရေး ဝန်ဆောင်မှုများ ရရှိမည်ဆိုပါက ပစ္စည်းအခွန်တိုးမြှင့် ကောက်ခံခြင်းကို မြို့ပြနေလူထု ရာခိုင်နှုန်း ၇၀ ခန့်က လက်ခံသဘောတူကြောင်း ရန်ကုန်မြို့တွင် ပြုလုပ်သည့် The Asia Foundation ၏ မြန်မာနိုင်ငံ၏ အခွန်အကောက်များအပေါ် မြို့ပြနေပြည်သူများ၏ သဘောထားအမြင် အနှစ်ချုပ်အစီအရင်ခံစာ အကြိုသတင်း စာရှင်းလင်းပွဲမှ သိရသည်။

ပစ္စည်းခွန်သည် ပမာဏ အလွန်နည်းသောကြောင့် အစိုးရ၏ ဘဏ္ဍာခွန်ရရှိမှုအနေဖြင့် အလွန်နည်းပါးပြီး ခန့်မှန်းခြေအားဖြင့် ၂၀၁၃ ခုနှစ်တွင် ဂျီဒီပီ၏ ၀ ဒသမ ၀၃ ရာခိုင်နှုန်းသာ ရှိသည်။ သို့သော်လည်း မြင်သာထင်သာသည့် အခွန်အမျိုးအစားတစ်ခုဖြစ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပေးဆောင်ကြရခြင်း၊ အခွန်ပေးဆောင်ရသည့် အကြိမ်ရေများ၍ သိသာထင်ရှားသည့် အခွန်ဖြစ်နေကြောင်း ဖော်ပြထားသည်။

အထက်ပါ အစီရင်ခံစာ၏ စစ်တမ်းများအရ မြို့ပြနေပြည်သူ ၆၆ ရာခိုင်နှုန်းက လက်ရှိထက် ပိုမိုကောင်းမွန်သော စည်ပင်သာယာရေး ဝန်ဆောင်မှုများ ရရှိမည်ဆိုပါက ပစ္စည်းခွန်ကို တိုးမြှင့်ပေးဆောင်မည်ဟု ဖြေဆိုခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ စစ်တမ်းအရ အစိုးရအရာရှိများစွာကမူ ဝန်ဆောင်မှုများကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မှသာ အခွန်အကောက်များကို ပြင်ဆင်ပြောင်းလဲနိုင်မည်ဟု ယုံကြည်နေကြသည်။ နိုင်ငံသားများသည် အခွန်အကောက်ပေးရခြင်းကို ဆန့်ကျင်စိတ် ပြင်းထန်ကြသည်ဟု ပြောလေ့ရှိကြသည်။

မူဝါဒချမှတ်သူတစ်ဦးကမူ “အခွန်တိုးကောက်ဖို့ ဟုတ်လား။ လမ်းတွေပေါ်မှာ ဆူပူတာတွေ ဖြစ်ကုန်လိမ့်မယ်” ဟုပင် သတိပေး ပြောကြားကြောင်း အထက်ပါအစီရင်ခံစာတွင် ထည့်သွင်းရေးသားထားသည်။

အဆိုပါ ပစ္စည်းအခွန်ကို စည်ပင်သာယာရေး အဖွဲ့အစည်းများနှင့် ရန်ကုန်မြို့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကောက်ခံနေခြင်းဖြစ်သည်။

ပြည်သူလူထု၏ သဘောထား အမြင်များအပေါ် စည်ပင်အခွန်အရာရှိများနှင့် မူဝါဒချမှတ်သူများ၏ အမြင်များကို သေချာနားလည်အောင် ဆန်းစစ်ရန် အရာရှိ ၃၆ ဦးနှင့် စစ်တမ်းငယ်တစ်ခုကို ကောက်ယူခဲ့သည်။ ယင်းစစ်တမ်းတွင် မြို့တော်ဝန်တစ်ဦး၊ ဝန်ကြီးလေးဦးနှင့် အရာရှိ ၂၁ ဦးတို့ပါဝင်ကြောင်း ဖော်ပြထားသည်။

“ဒီစစ်တမ်းတွေ့ရှိချက်ထဲက တွေ့ရှိချက် တော်တော်များများက ကျွန်မတို့ နဂိုမူလက ယူဆထားတဲ့ အချို့အရာတွေ အကုန်လုံးကိုလည်း ပယ်ဖျက်ပြီးတော့ အံ့အားသင့်စေတဲ့ အရာကိုတွေ့ရပါတယ်။ အဲဒီထဲမှာ အံ့အားအသင့်ဆုံးအရာကတော့ မြို့ပြနေပြည်သူတွေကပေါ့နော်။ အများထင်မြင် ယူဆထားသလို အခွန်အကောက်တွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြတာမျိုး ဆန့်ကျင်တဲ့ သဘောထားမျိုးမရှိဘူးဆိုတဲ့ ဒီတွေ့ရှိချက်က အံ့အားသင့်စေတဲ့ အရာဖြစ်ခဲ့တယ်” ဟု မဟေမာန်ထွန်းက ပြောကြားသည်။

အဆိုပါ စစ်တမ်းကောက်ယူမှုကို ဘားအံမြို့၊ တောင်ကြီးမြို့နှင့် ရန်ကုန်မြို့တွင် မြောက်ဒဂုံမြို့နယ်၊ သာကေတမြို့နယ်နှင့် ကျောက်တံတားမြို့နယ်များတွင် စစ်တမ်း ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent