အဂတိလိုက်စားမှုဖြင့် ထွက်ပြေးနေသူ ၁၂ ဦးအနက် လယ်ယာမြေစာချုပ်ချုပ်ဆိုခြင်းနှင့် အမည်ပြောင်းခြင်းတို့တွင် လာဘ်ယူခဲ့သူ တရားခံပြေးအား ဖမ်းမိသဖြင့် ပုဒ်မ ခုနစ်ခုဖြင့် အမှုဖွင့်

အဂတိလိုက်စားမှုဖြင့် ထွက်ပြေးနေသူ ၁၂ ဦးအနက် လယ်ယာမြေစာချုပ်ချုပ်ဆိုခြင်းနှင့် အမည်ပြောင်းခြင်းတို့တွင် လာဘ်ယူခဲ့သူ တရားခံပြေးအား ဖမ်းမိသဖြင့် ပုဒ်မ ခုနစ်ခုဖြင့် အမှုဖွင့်
Published 11 March 2018

အဂတိလိုက်စားမှုဖြင့် ထွက်ပြေးနေသူ ၁၂ ဦးအနက် လယ်ယာမြေစာချုပ်ချုပ်ဆိုခြင်းနှင့် အမည်ပြောင်းခြင်းတို့တွင် လာဘ်ယူခဲ့သူ တရားခံပြေး ဦးလပြည့်ဝန်း (ခ) ဦးမောင်မောင်အား ဖမ်းမိသဖြင့် ပုဒ်မ ခုနစ်ခုဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က မတ် ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ပဲနွယ်ကုန်းရွာမအုပ်စု တာဝန်ခံမြေတိုင်း (၄) ဦးလပြည့်ဝန်း (ခ) ဦးမောင်မောင်သည် လယ်ယာမြေ စာချုပ်ချုပ်ဆိုခြင်းနှင့် အမည်ပြောင်းခြင်းတို့တွင် ငွေကြေးတောင်းခံရယူနေကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားလာသဖြင့် ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်များအရ ဦးလပြည့်ဝန်း (ခ) ဦးမောင်မောင်သည် လယ်မြေအရောင်းအဝယ် စာချုပ်ချုပ်ဆိုသူများနှင့် လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ်ပုံစံ (၇) ပြုလုပ်သူများထံမှ ၂၀၁၄ ခုနှစ် မေလမှ ၂၀၁၇ ခုနှစ် မေအထိကာလအတွင်း စုစုပေါင်းကျပ် ၁,၁၂၅,၀၀၀ ကို ၁၅ ကြိမ်ခွဲပြီး တောင်းခံရယူခဲ့ကြောင်း တွေ့ရှိရသည်။

ထို့ကြောင့် ၎င်းအား တရားစွဲဆိုတင်ပို့ရန် ဆောင်ရွက်စဉ် ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ၂၀၁၇ စက်တင်ဘာ ၈ ရက်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ ဖြင့် အမှုခုနစ်မှုခွဲပြီး ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်သို့ စစ်ဆေးရေးမှူး ဦးမောင်မောင်ထက်ဝင်းက တရားစွဲတင်ပို့ခဲ့ကြောင်း သိရသည်။

တရားရုံးတွင် သက်သေများကို စစ်ဆေးပြီးနောက် ဦးလပြည့်ဝန်း(ခ)ဦးမောင်မောင်သည် ထွက်ပြေးတိမ်းရှောင်နေပြီး ၎င်းအပေါ် စွပ်စွဲထားသောပြစ်မှုကို ကျူးလွန်ကြောင်း တွေ့ရှိသဖြင့် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်က ၂၀၁၇ ခုနှစ် အောက်တိုဘာ ၃၀ ရက်တွင် ဦးလပြည့်ဝန်း (ခ) ဦးမောင်မောင်အပေါ် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇၊ ၈၈ အရ လူဖမ်းဝရမ်းနှင့် ပစ္စည်းသိမ်းဝရမ်းများ ထုတ်ဆင့်ခဲ့ကြောင်း သိရသည်။ ထွက်ပြေးတိမ်းရှောင်နေသော ဦးလပြည့်ဝန်း (ခ) ဦးမောင်မောင်ကို ၆-၃-၂၀၁၈ ခုနှစ် မတ် ၆ ရက်တွင် ပြန်လည်ဖမ်းဆီးရမိသဖြင့်၂၀၁၈ ခုနှစ် မတ် ၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်သို့ တင်ပို့ရာ တရားရုံးက ဦးလပြည့်ဝန်း (ခ) ဦးမောင်မောင်အပေါ် ယခင်ဖွင့်လှစ်ထားသည့် ရာဇဝတ်အထွေထွေမှု (တရားခံပြေးမှု) ခုနစ်မှုကို ပိတ်သိမ်းပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ ရာဇဝတ်ကြီးမှုအမှတ် ၁/၂၀၁၈ မှ ၇/ ၂၀၁၈ အထိ အမှုခုနစ်မှု ဖွင့်လှစ်ကာ တရားခံ အကျိုးဆောင် ငှားရမ်းနိုင်ရေးအတွက် ဖော်ပြရက်ချိန်းအဖြစ် ၂၀၁၈ ခုနှစ် မတ် ၂၀ ရက်သို့ ချိန်းဆိုထားပြီး အမှုကို ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း ကော်မရှင်က ထုတ်ပြန်ထားသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခံထားရသူများအနက် ထွက်ပြေးနေသူ တရားသူကြီး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ရဲအုပ်နှင့် တောအုပ်အပါအဝင် ၁၂ ဦး၏ ဓာတ်ပုံနှင့် ကိုယ်ရေးအချက်အလက်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ Facebook စာမျက်နှာမှတစ်ဆင့် သတင်းထုတ်ပြန်ထားပြီး တွေ့ရှိပါက သတင်းပေးပို့ပါရန် တိုက်တွန်းထားသည်။

Most Read

Most Recent