ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တွင် တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်း၊ ဆရာဆရာမများ၏ လုံခြုံရေးကို အစိုးရက တာဝန်ယူထား

ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တွင် တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်း၊ ဆရာဆရာမများ၏ လုံခြုံရေးကို အစိုးရက တာဝန်ယူထား
Published 11 March 2018

ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်းများ၊ ဆရာဆရာမများ၏ လုံခြုံရေးကို အစိုးရက တာဝန်ယူ ဆောင်ရွက်ထားကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာတွင် ဖော်ပြချက်အရ သိရသည်။

အဆိုပါ အစီရင်ခံစာအရ ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံပညာ ကျောင်းသားကျောင်းသူ ၂၁၈၉ ဦးအတွက် ပညာသင်စရိတ် ကျပ် ၂၈ ဒသမ ၅၃ သန်းနှင့် ကျပ်ရှစ်သန်းတန်ဖိုးရှိ ကျောင်းဝတ်စုံအထည် ၄၀၀၀ ထောက်ပံ့ခဲ့ကြောင်း၊ ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်ရှိ ဆရာဆရာမ ၄၅၀ အတွက် ကျပ် ၂၂ ဒသမ ၅ သန်း ထောက်ပံ့ခဲ့ပြီး ဝန်ထမ်းများ၏လုံခြုံရေးကို အစိုးရအနေဖြင့် တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသနေ အဝေးသင်တက္ကသိုလ် မွတ်စလင် ကျောင်းသားကျောင်းသူများ စာမေးပွဲ ဖြေဆိုနိုင်ရေးအတွက် အစိုးရစက်မှုလက်မှုသိပ္ပံ (သံတွဲ) တွင် ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၂၉ ရက်အထိ အဝေးသင် တက္ကသိုလ်ကျောင်းသားကျောင်းသူ ၆၁ ဦးကို အနီးကပ်သင်တန်းများ ဖွင့်လှစ်ပို့ချပြီး စာမေးပွဲဖြေဆိုနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဝေးသင်တက္ကသိုလ် (စစ်တွေဌာနခွဲ) တွင် မွတ်စလင်ကျောင်းသားကျောင်းသူကိုးဦး၊ (တောင်ကုတ်ဌာနခွဲ) တွင် မွတ်စလင်ကျောင်းသား ကျောင်းသူ ၃၉ ဦးတို့ကို ကျောင်းဝင်ခွင့် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဒေသနေ မွတ်စလင်အသိုင်းအဝိုင်းရှိ ကလေးသူငယ်များအား အခြေခံ မြန်မာစာအပြော၊ အရေး၊ အဖတ်ကျွမ်းကျင်စေရေးအတွက် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကို Pilot Project အဖြစ် ရွှေဇား၊ မောင်နီရွာ၊ ပန်းတောပြင်၊ ရွှေဇားစေတီပြင်နှင့် သရက်အုပ်ကျေးရွာများတွင် သတ်မှတ်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် IDP စခန်းများမှ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားရေးအတွက် သက်ကယ်ပြင်ရွာမ (မူလွန်) ကျောင်း၊ သင်ဂနက် (မူလွန်) ကျောင်း၊ သာယာကုန်း (မူလွန်) ကျောင်းများ ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

Most Read

Most Recent