အာဆီယံ အဖွဲ့ဝင်နိုင်ငံများအတွင်း ဆင်းရဲနွမ်းပါးမှု၊ မညီမျှမှုအပြင် ဘာသာရေးကို အခြေခံသည့် အကြမ်းဖက်မှုနှင့် သဘာဝသယံဇာတ ပျက်စီးမှုများကို ရင်ဆိုင်လာနေရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

အာဆီယံ အဖွဲ့ဝင်နိုင်ငံများအတွင်း ဆင်းရဲနွမ်းပါးမှု၊ မညီမျှမှုအပြင် ဘာသာရေးကို အခြေခံသည့် အကြမ်းဖက်မှုနှင့် သဘာဝသယံဇာတ ပျက်စီးမှုများကို ရင်ဆိုင်လာနေရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
Published 15 August 2017


နေပြည်တော်တွင် ပြုလုပ်သည့် အာဆီယံနှစ် ၅၀ ပြည့် အထိမ်းအမှတ် အခမ်းအနား၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အမှာစကားပြောကြားနေစဉ်

အာဆီယံအဖွဲ့ဝင် နိုင်ငံများအတွင်း ဆင်းရဲနွမ်းပါးမှု၊ မညီမျှမှုများအပြင် ဘာသာရေးကို အခြေခံသည့် အကြမ်းဖက်မှုနှင့် သဘာဝသယံဇာတ ပျက်စီးမှုများကို ရင်ဆိုင်လာနေရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂တွင် သြဂုတ် ၁၄ ရက်က ပြုလုပ်ခဲ့သော အာဆီယံ နှစ် ၅၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် အမှာစကားပြောကြားရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီကနေ့မှာတော့ အာဆီယံအဖွဲ့ကြီးဟာ ဒေသတွင်းပေါင်းစည်းမှု ခေတ်သစ်တစ်ရပ်ကို ချင်းနင်းဝင်ရောက်လာနေပြီး ရေရှည်တည်တန့်မှုနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုတွေဖြစ်တဲ့ အဖွဲ့ဝင်နိုင်ငံများအတွင်း ဆင်းရဲနွမ်းပါးမှု၊ မညီမျှမှုအပြင် ဘာသာရေးကိုအခြေခံတဲ့ အကြမ်းဖက်မှုနဲ့ သဘာဝသယံဇာတ ပျက်သုဉ်းမှုတွေကို ရင်ဆိုင်လာနေရပါပြီ။ စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ် ခိုင်ခိုင်မာမာရပ်တည်နိုင်ဖို့ ကျွန်မတို့ရဲ့စွမ်းရည်တွေကို ထပ်မံမြှင့်တင်ပြီး ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းရမှာပါ” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဆက်လက်ပြီး “ပြီးခဲ့တဲ့နှစ် ၅၀ အတွင်းရရှိခဲ့တဲ့ အောင်မြင်မှုတွေကို အခြေခံပြီး အာဆီယံအနေနဲ့ လက်ရှိအနေအထားမှာတင် ကျေနပ်ရောင့်ရဲနေလို့မရပါဘူး။ အာဆီယံ ပြည်သူတွေအနေနဲ့ လက်ရှိရရှိထားတဲ့ အရှိန်အဟုန်ကို တစ်ဆင့်မြှင့်ပြီး အာဆီယံပြည်သူအားလုံးရဲ့ သာယာဝပြောမှုကို ဖော်ဆောင်ပေးမယ့် အများပါဝင်နိုင်တဲ့ လူမှုရေးအရတာဝန်ခံတဲ့ အသိုက်အဝန်းကြီး ဖော်ဆောင်ရာမှာ တစ်ခဲနက်ပါဝင်ကြဖို့ လိုအပ်ပါတယ် မိမိတို့အနေနဲ့ အာဆီယံအသိုက်အဝန်း ဖော်ဆောင်တဲ့နေရာမှာ အရှိန်အဟုန်နှစ်ဆ မြှင့်တင်ကြဖို့နဲ့ ပြည်သူလူထု တစ်ရပ်လုံးအနေနဲ့ ထဲထဲဝင်ဝင်ပါဝင်ကြပါလို့ တိုက်တွန်းလိုပါတယ်။ ပြည်သူလူထုတွေ မပါဝင်ဘဲနဲ့ အာဆီယံ အသိုက်အဝန်းဆိုတာ ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

အာဆီယံအဖွဲ့ကြီးသည် အကျပ်အတည်းများ ရင်ဆိုင်ကြုံတွေ့ရလျှင်လည်း ညီညွှတ်မှုကို မပျောက်အောင် ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ မတူကွဲပြားသည့် ယဉ်ကျေးမှုနှင့် နိုင်ငံရေးစနစ်များ တည်ရှိသည့်ဒေသဖြစ်သော်လည်း အချိန်ကာလ၏ စမ်းသပ်မှုကို အောင်မြင်စွာကျော်လွှားနိုင်ခဲ့ပြီး ခိုင်မာစွာ ရပ်တည်နိုင်ခဲ့ကြောင်း၊ အနာဂတ်ကာလ နိုင်ငံရေးမတည်ငြိမ်မှုများ၊ မသေချာမရေရာမှုများကိုလည်း အာဆီယံ၏ အချက်အချာကျမှု၊ စုစည်းညီညွှတ်စွာရပ်တည်မှုနှင့် အပြုသဘောဆောင်မှုတို့ကို အခြေခံပြီး အောင်မြင်စွာ ကျော်လွှားသွားနိုင်မည်ဟု အပြည့်အ၀ ယုံကြည်ပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

Writer - နေရိုင်း၊ ကျော်မျိုး

Most Read

Most Recent