လက်ရှိ ဥပဒေနှင့် ရေးဆွဲလျက်ရှိသော ဥပဒေမူကြမ်းများသည် လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်နှင့် လွတ်လပ်စွာ စုဝေးခွင့်တို့ကို ထိခိုက်သက်ရောက်မှု မရှိစေဘဲ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံချိန်စံနှုန်းနှင့်အညီဖြစ်ရန် ဥရောပသမဂ္ဂ (EU) တိုက်တွန်း

လက်ရှိ ဥပဒေနှင့် ရေးဆွဲလျက်ရှိသော ဥပဒေမူကြမ်းများသည် လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်နှင့် လွတ်လပ်စွာ စုဝေးခွင့်တို့ကို ထိခိုက်သက်ရောက်မှု မရှိစေဘဲ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံချိန်စံနှုန်းနှင့်အညီဖြစ်ရန် ဥရောပသမဂ္ဂ (EU) တိုက်တွန်း
Published 11 March 2018

မြန်မာနိုင်ငံရှိ လက်ရှိဥပဒေနှင့် ရေးဆွဲလျက်ရှိသော ဥပဒေမူကြမ်းများသည် လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်နှင့် အသင်းအဖွဲ့ ဖွဲ့စည်းခွင့်တို့ကို ထိခိုက်သက်ရောက်မှု မရှိစေဘဲ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံချိန်စံနှုန်းနှင့်အညီ ဖြစ်စေရန် ဥရောပသမဂ္ဂ (EU) မှ အားပေး တိုက်တွန်းခဲ့ကြောင်း သိရသည်။

စတုတ္တအကြိမ်မြောက် မြန်မာ-ဥရောပသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပခဲ့ခြင်းနှင့်ပတ်သက်၍ ပူးတွဲ သတင်းထုတ်ပြန်ချက် တစ်ရပ်တွင် ယင်းကဲ့သို့ ထည့်သွင်း ထုတ်ပြန်ထားပြီး ၎င်းပူးတွဲ သတင်းထုတ်ပြန်ချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၉ ရက်က ထုတ်ပြန်ခဲ့သည်။

အဆိုပါ မြန်မာ-ဥရောပသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲကို မတ် ၅ ရက်က နေပြည်တော်၌ ကျင်းပခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ဥရောပသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Stavros Lambrinidis တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့သည်။

“ကျွန်တော်တို့ ဒီဥပဒေကြမ်းတွေကို ရေးဆွဲတဲ့အခါမှာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ အညီပါပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီပဲ ရေးဆွဲရတာဖြစ်တဲ့အတွက် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကိုလည်း ပိတ်ပင်တာ မဟုတ်ပါဘူး။ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကိုလည်း ပေးပါတယ်။ ပေးပြီးတော့ ဒီဥစ္စာ (ငြိမ်းစုစီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း) ကိုလည်း ဖွဲ့စည်းပုံနဲ့အညီ ပြန်ပြီးပြင်ဆင်တဲ့ သဘောပါ။ ထိခိုက်စေခြင်း မရှိပါဘူး။ တခြား ဥပဒေကြမ်းတွေမှာလည်း နိုင်ငံတကာ စံချိန်စံညွန်းလည်း ကြည့်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း ကြည့်ပြီးတော့ စိစစ်ပြီးတော့ ရေးဆွဲရတာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ နိုင်ငံတကာ စံချိန်စံညွန်းရော၊ ဖွဲ့စည်းပုံအခြေခံဥပဒေရော မြန်မာနိုင်ငံနဲ့ ကိုက်ညီမယ့် ဥပဒေများကို ရေးဆွဲရခြင်း ဖြစ်ပါတယ်”ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက ပြောကြားသည်။

မြန်မာ-ဥရောပသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲ၌ အလုပ်သမားအခွင့်အရေး၊ ရခိုင်ပြည်နယ်အခြေအနေ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်၊ လွတ်လပ်စွာ ထုတ်ဝေခွင့်၊ စုဝေးခွင့်နှင့် အသင်းအဖွဲ့ ဖွဲ့စည်းခွင့်၊ အခြေခံလူမှုရေး ဝန်ဆောင်မှုများ ရရှိရေး၊ ကျား-မ ခွဲခြားမှုကိစ္စရပ်များ၊ လူကုန်ကူးမှုနှင့် ဆက်စပ်အသုံးချခံရမှု ကိစ္စရပ်များ၊ လူနည်းစုများ၏ အခွင့်အရေးများ ကာကွယ်ပေးရေး၊ ဘာသာရေးဆိုင်ရာ သည်းမခံမှုများ နှင့် အမုန်းတရား လှုံ့ဆော်မှုများ တားဆီးခြင်း တိုက်ဖျက်ရေး၊ ကုလသမဂ္ဂတွင် လူ့အခွင့်အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ထားသည်။

မြန်မာနှင့် ဥရောပသမဂ္ဂတို့သည် နှစ်ဦး နှစ်ဖက် မျှေ၀ လက်ခံထားသည့် အခြေခံမူများ နှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံနှုန်းများကို အခြေခံ၍ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရေး ဆောင်ရွက်သွားရန် ထပ်လောင်း အတည်ပြုခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အမျိုးသားလွှတ်တော်၌ ပြီးခဲ့သော ဖေဖော်ဝါရီလအတွင်းက ငြိမ်းချမ်းစွာ စုဝေးခြင်း နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို တင်သွင်းခဲ့ပြီးနောက် ၎င်းဥပဒေကြမ်းအပေါ် ကန့်ကွက် ဆန္ဒပြမှုများ ရှိခဲ့သည်။

ထို့ပြင်အဆိုပါ ဥပဒေကြမ်းအား လက်ခံ အတည်မပြုရန် NLD လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်ဆွေးနွေးခဲ့သော်လည်း ဥပဒေကြမ်းအား မဲခွဲဆုံးဖြတ် အတည်ပြုခဲ့ပြီး ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ကာ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ဥပဒေကြမ်းနှင့်ပတ်သက်၍ အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြထားသည်။

Most Read

Most Recent