ငပုတောမြို့နယ် မြစ်တစ်ရာကြိုးဝိုင်းသစ်တောအတွင်း ဆင်များကို သတ်ဖြတ်သူနှစ်ဦး ဖမ်းမိပြီး တစ်ဦး လွတ်မြောက်

ငပုတောမြို့နယ် မြစ်တစ်ရာကြိုးဝိုင်းသစ်တောအတွင်း ဆင်များကို သတ်ဖြတ်သူနှစ်ဦး ဖမ်းမိပြီး တစ်ဦး လွတ်မြောက်
Published 11 March 2018

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုပ်ကောင်းမြို့ တင်းချောင်းကျေးရွာ အုပ်စုအနီးရှိ မြစ်တစ်ရာသစ်တောကြိုးဝိုင်းအကွက် အမှတ် ၂၅၁ အတွင်းမှ မတ် ၉ ရက် ည ၇ နာရီက ဆင်ပစ်မုဆိုးနှစ်ဦး ဖမ်းဆီးရမိခဲ့ပြီး တစ်ဦးမှာထွက်ပြေးလွတ်မြောက်သွားကြောင်း တင်းချောင်းကျေးရွာ အုပ်ချုပ်ရေးရုံးမှ သိရသည်။

တင်းချောင်းကျေးရွာအုပ်စုရှိ တောင်သရက်မြောင်အနီးတွင် ဆင်ပစ်မုဆိုးများ ရောက်ရှိနေသည်ကို သတင်းပေးချက်အရ သစ်တောရဲတပ်ဖွဲ့၊ ငရုတ်ကောင်းစခန်းရဲတပ်ဖွဲ့၊ တင်းချောင်ကျေးရွာအုပ်ချုပ်ရေးမှူး အဖွဲ့၊ ဝက်ကော်ဘိနယ်တာဝန်ခံ၊ ဆင်ချစ်သူများအဖွဲ့နှင့် EERU အဖွဲ့တို့မှ သွားရောက်ဖမ်းဆီးခဲ့ရာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ မင်းမင်း ၃၂ နှစ်၊ တင်းချောင်းကျေးရွာအုပ်စုမှ စပွားပွားတို့အားဖမ်းမိခဲ့ပြီး မကွေးခရိုင် မင်းတုန်းမြို့မှ ကျော်ဝင်း ၂၈ နှစ်မှာ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း တင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး  ဦးကျော်မြင့်ထွန်းထံမှ သိရသည်။

“ကျွန်တော့်ဆီကို ညနေ ၅ နာရီလောက်မှာ သတင်းပေးကလာသတင်းပေးတော့ လုပ်ထုံးလုပ်နည်းအတိုင်း သစ်တောရဲတို့ စခန်းရဲ အခြားအဖွဲ့တွေနဲ့ ညနေ ၆ နာရီလောက်မှာ အဖွဲ့တွေခွဲပြီး တောထဲကနေ ဝပ်ဝပ်ပြီးသွား ပြီးတော့မှ အဲဒီအချိန်မှာ တောင်သရက် မြောင်က ချောင်းဘေးမှာ အရက်သောက်နေကြပြီး နှစ်ယောက်ထိုင်သောက်နေတယ်။ တစ်ယောက်မတ်တတ်ရပ်နေတဲ့အချိန်မှာ ဝင်လုံးပြီးဖမ်းတော့ မတ်တတ်ရပ်နေတဲ့ တစ်ယောက်ကတော့ မြင်ပြီးထွက်ပြေးတော့လွတ်သွားတယ်” ဟု တင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်းက ပြောကြားသည်။

ဖမ်းဆီးမိခဲ့သည့် မင်းမင်းနှင့် စပွားပွားထံမှ တူမီးသေနတ်ပြုလုပ်ရာပါဝင်သော ဆက်စပ်ပစ္စည်းများဖြစ်သော သံပိုက်များ၊ သံဘောစိများ၊ သံမြားခေါင်း ငါးခု၊ ယမ်းခွေများ၊ ဓားများနှင့် အခြားပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း၊ ၎င်းတို့အား ငရုတ်ကောင်းနယ်မြေစခန်းတွင် အမှုဖွင့်အရေးယူရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent