ကချင်ပြည်နယ်ရှိ တရုတ်ငှက်ပျောစိုက် ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် မှတ်ပုံတင်ရန် ပြည်နယ်ဝန်ကြီးချုပ် ညွှန်ကြား

ကချင်ပြည်နယ်ရှိ တရုတ်ငှက်ပျောစိုက် ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် မှတ်ပုံတင်ရန် ပြည်နယ်ဝန်ကြီးချုပ် ညွှန်ကြား
Published 11 March 2018

ကချင်ပြည်နယ်တွင် တရုတ်နိုင်ငံသားများ လာရောက်စိုက်ပျိုးထားသည့် ငှက်ပျောပင်များကို တွေ့ရစဉ်

ကချင်ပြည်နယ် တရုတ်ငှက်ပျောစိုက် ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် မှတ်ပုံတင်ရန် ညွှန်ကြားထားကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့က ငှက်ပျောစိုက်ကုမ္ပဏီများ ဥပဒေနှင့်အညီ တရားဝင်ဖြစ်ရေး တစ်ဆင့်ချင်းဆောင်ရွက်နေပြီး  တိုးချဲ့စိုက်ပျိုးမှုများ ဆက်လက်မလုပ်ဆောင်ရန်လည်း ညွှန်ကြားထားကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောကြားသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က “မြေယာဥပဒေနဲ့ ညီအောင်နိုင်ငံတော်က ပြဋ္ဌာန်းတဲ့ ဥပဒေဘောင်ထဲဝင်အောင် ပြည်နယ်အစိုးရရော အကျိုးရှိအောင် ဆောင်ရွက်နေပါတယ်။ တစ်ဆင့်ချင်း အများကြီးလုပ်ရဦးမှာပါ။ ငှက်ပျောစိုက်တဲ့ ကုမ္ပဏီတွေကိုလည်း မြစ်ကြီးနားမှာ ဖွင့်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံးခွဲမှာ မှတ်ပုံတင်ပြီးလုပ်ကြဖို့ ညွှန်ကြားထားပါတယ်။ တိုးချဲ့မစိုက်ဖို့လည်း လုပ်နေတယ်။ စိုက်ဧကတွေလည်း ထပ်ပြီးကောက်နေတယ်။ အခုစာရင်းရထားတာ ဧကလေးသောင်းကျော်ပြီ”ဟု ပြောကြားသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်းက “ပြည်ထောင်စု စီးပွားရေးကော်မတီကို ငှက်ပျောစိုက်ပျိုးမှုနှင့်ပတ်သက်ပြီး  တင်ပြထားပေမယ့် အကြောင်းမပြန်လာသေးဘူး။ မဆွေးနွေးသေးဘူးလို့ ကြားတယ်။ အစည်းအဝေးခေါ်တော့ ကုမ္ပဏီပေါင်း ၂၁ ခုရှိတယ်။ အစည်းအဝေးတော့ အားလုံးမလာကြဘူး။ တိုးချဲ့စိုက်ပျိုးနေတာနဲ့ပတ်သက်ပြီး မနေ့က ဆွေးနွေးကြတယ်။ ပြည်ထောင်စုဝန်ကြီးဌာန စီးပွားရေးကော်မတီက ဘယ်လိုညွှန်ကြားမယ် မသိဘူး။ ပြည်နယ်အစိုးရညွှန်ကြားချက်နဲ့ တစ်ရှူးငှက်ပျောစိုက်ကုမ္ပဏီတွေကို ဒီမှာ မှတ်ပုံတင်ခိုင်းတယ်။ ပြည်နယ်အစိုးရက ညွှန်ကြားတာပေါ့။ ဒီမှာက အမေရိကန်ဒေါ်လာ ငါးသန်း ပမာဏအထိ လက်ခံတာကိုး။ ဒါပေမဲ့ ဘယ်ကုမ္ပဏီမှ စာရင်းလာမတင်သေးဘူး” ဟု ပြောကြားသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးဝင်းအတွင်း ဖွင့်လှစ်ထားသည့် ရင်းနှီးမြှုပ်နှံမှုကော် မရှင်ရုံး (ခွဲ) တွင် မတ် ၈ ရက် စာရင်းအရ ကုမ္ပဏီပေါင်း ၉၄ ခုအထိ မှတ်ပုံတင်ထားသော်လည်း ကုန်သွယ်ရေး၊ ကျောက်မျက်ကုမ္ပဏီများသာဖြစ်ပြီး စိုက်ပျိုးရေးကုမ္ပဏီများ မပါဝင်ကြောင်း သိရသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့က ငှက်ပျောစိုက်ပျိုးမှုများ တိုးချဲ့မစိုက်ပျိုးရန် ညွှန်ကြားထားသော်လည်း မြစ်ကြီးနားမြို့နယ် တာလောကြီးဒေသတွင် ဆက်လက်တိုးချဲ့ စိုက်ပျိုးမှုများရှိနေဆဲဖြစ်ကြောင်း သိရသည်။

တာလောကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆန်းထူးက “ခရိုင်ကတော့ ငှက်ပျောကုမ္ပဏီတွေကို ထပ်မံမတိုးချဲ့ဖို့ လက်မှတ်ထိုးခိုင်းတယ်။ တချို့ကုမ္ပဏီတွေက လက်မှတ်မထိုးကြဘူး။ တာလောကြီး ရွာဝန်းကျင်တော့ ကုမ္ပဏီလေးခု ဝင်နေတယ်။ အားလုံးက လုပ်ငန်းအကောင်အထည်ဖော်နေကြတယ်။ တောင်သူတွေလည်း တောကြမ်းဆိုရင် တစ်သိန်း၊ မြေယဉ်ဆိုရင် နှစ်သိန်း ငှားနေကြတာပါ။ ကျွန်တော်တို့လည်း ဒီအတိုင်းကြည့်နေရတယ်။ ဘာမှပြောလို့မရဘူး” ဟု ပြောကြားသည်။

မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်မှ ဒေသခံများ တရုတ်တစ်ရှူး ငှက်ပျောခင်းအလို မရှိကြောင်း မြစ်ကြီးနားမြို့တွင် ဖေဖော်ဝါရီ  ၃ ရက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ကချင်ပြည်နယ်တွင် လက်ရှိတွင် စိုက်ဧကပေါင်း တစ်သိန်းအကျော်ထက်ရှိနေကြောင်း ခန့်မှန်းထားကြသော်လည်း ၂၀၁၇ ခုနှစ် မေလစာရင်းအရ ဧကပေါင်း လေးသောင်းကျော်သာ စာရင်းကောက်နိုင်သေးကြောင်း သိရသည်။

Most Read

Most Recent