ရန်ကုန်လေဆိပ်တွင် သေနတ်ဖြင့်အပစ်ခံခဲ့ရသည့် ဦးကိုနီ၏အမှုကို စစ်ဆေးနေသောအထူးခုံရုံးအား ဒုတိယအကြိမ် ပြင်ဆင်ဖွဲ့စည်း

ရန်ကုန်လေဆိပ်တွင် သေနတ်ဖြင့်အပစ်ခံခဲ့ရသည့် ဦးကိုနီ၏အမှုကို စစ်ဆေးနေသောအထူးခုံရုံးအား ဒုတိယအကြိမ် ပြင်ဆင်ဖွဲ့စည်း
Published 11 March 2018

ဦးကိုနီလုပ်ကြံခံရမှုကို  စစ်ဆေးနေသည့် အထူးခုံရုံးအား ဒုတိယအကြိမ်မြောက် ပြင်ဆင်ဖွဲ့စည်းထားကြောင်း သိရသည်။

ဒုတိယအကြိမ် ပြင်ဆင်ဖွဲ့စည်းခြင်းကို ယခု (မတ်လ) ဒုတိယပတ်အတွင်း၌ ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး တရားသူကြီးသုံးဦးပါဝင်သည့် အမှုစစ်အထူးခုံရုံး၏ ဥက္ကဋ္ဌဖြစ်သူမှာ အသက် ၆၀ ပြည့်သောကြောင့် နိုင်ငံဝန်ထမ်းနည်း ဥပဒေအရ အငြိမ်းစားယူသွားခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ရန်ကုန်မြောက်ပိုင်း ခရိုင်တရားရုံးမှာ စစ်ဆေးနေတဲ့ အထူးခုံရုံးအမှုနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ အထူးခုံရုံးကို ပြင်ဆင်ဖွဲ့စည်းတာလေးတွေ ရှိပါတယ်။ အထူးခုံရုံးရဲ့ဥက္ကဋ္ဌအဖြစ် ယခင်က ဆောင်ရွက်ခဲ့တဲ့ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးခရိုင်တရားသူကြီး ဦးတင်ထွေးဟာ နိုင်ငံဝန်ထမ်းနည်းဥပဒေအရ သက်ပြည့် အသက် ၆၀ ပြည့်လို့ အငြိမ်းစားယူသွားတာ ဖြစ်တဲ့အတွက် သူ့ရဲ့ဥက္ကဋ္ဌနေရာမှာ ကျွန်တော်တို့ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံး ခရိုင်တရားသူကြီးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်လာတဲ့ ဦးခင်မောင်မောင်ကို အထူးခုံရုံးရဲ့ဥက္ကဋ္ဌအဖြစ် ပြင်ဆင်ဖွဲ့စည်းပါတယ်။ ဦးခင်မောင်မောင်ကတော့ အရင်ခုံရုံးမှာ အဖွဲ့ဝင်အဖြစ်ပါတဲ့ တရားသူကြီး ဖြစ်ပါတယ်။ အဲ့တော့ ဦးခင်မောင်မောင် အဖွဲ့ဝင်ရဲ့နေရာမှာ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက တွဲဖက်ခရိုင်တရားသူကြီး ဦးမြင့်ဟန်ကို အဖွဲ့ဝင်အဖြစ် ပြင်ဆင်ဖွဲ့စည်းပါတယ်” ဟု ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးသတင်း ပြန်ကြားရေးအရာရှိ ဒုတိယခရိုင်တရားသူကြီး ဦးရဲလွင်က ပြောကြားသည်။

ထိုသို့ ပြင်ဆင်ဖွဲ့စည်းမှုအရ ဥက္ကဋ္ဌအနေဖြင့် ဦးခင်မောင်မောင် (ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး ခရိုင်တရားသူ ကြီး)၊ အဖွဲ့ဝင်များအဖြစ် ဦးမြင့်ဟန် (တွဲဖက် ခရိုင်တရားသူကြီး၊ အရှေ့ပိုင်းခရိုင်တရားရုံး)၊ ဦးအုန်းခိုင် (ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံး ဒုတိယခရိုင်တရားသူကြီး) တို့က ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ခုံရုံးပြင်ဆင်ဖွဲ့စည်းမှုမှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ပြည်ထောင်စုတရားစီရင်ရေး ဥပဒေပုဒ်မ ၂၃ (ခ) အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ပထမအကြိမ် ပြင်ဆင်ဖွဲ့စည်းခြင်းကို ဇန်နဝါရီလအတွင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အမှုစစ်တရားသူကြီးသုံးဦးအနက် အရှေ့ပိုင်းခရိုင်တရားရုံးမှ တရားသူကြီးတစ်ဦးဖြစ်သူ ဦးဇော်ထူးမှာ ကယားပြည်နယ်သို့ တိုင်းဦးစီးမှူးအဖြစ် ရာထူးတိုးဖြင့် ပြောင်းရွှေ့သွားခြင်းကြောင့်  ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ (ဗဟို) ဥပဒေအထောက်အကူပြုအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုကို စတင်စစ်ဆေးခဲ့သည့် အထူးခုံရုံးတွင် မြောက်ပိုင်းခရိုင်တရားရုံး၊ တရားသူကြီး ဦးတင်ထွေး (ဥက္ကဋ္ဌ) (ယခုငြိမ်း)၊ အရှေ့ပိုင်းခရိုင် တရားရုံးတွဲဖက်ခရိုင်တရားသူကြီး ဦးဇော်ထူး(အဖွဲ့ဝင်)၊ မြောက်ပိုင်းခရိုင်တရားရုံး ဒုတိယခရိုင်တရားသူကြီး ဦးအုန်းခိုင် (အဖွဲ့ဝင်)တို့ ပါဝင်ပြီး တစ်နှစ်နီးပါးခန့် စစ်ဆေးခဲ့သည်။

ယင်းနောက် အရှေ့ပိုင်းခရိုင် တရားရုံး တွဲဖက်ခရိုင်တရားသူကြီး ဦးဇော်ထူး (အဖွဲ့ ဝင်)မှာ ကယားပြည်နယ်သို့ ရာထူးတိုးဖြင့် ပြောင်းရွှေ့သွားရမှုကြောင့် အမှုစစ်အထူးခုံရုံးကို ပထမအကြိမ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

ပထမအကြိမ် ပြင်ဆင်ဖွဲ့စည်းမှုတွင် မြောက်ပိုင်းခရိုင်တရားရုံး၊ ခရိုင်တရားသူကြီး ဦးတင်ထွေး(ဥက္ကဋ္ဌ) (ယခုငြိမ်း)၊ မုံရွာခရိုင်မှ အရှေ့ပိုင်းခရိုင်တရားရုံး တွဲဖက်ခရိုင်တရားသူကြီးအဖြစ် ပြောင်းရွှေ့လာသူ ဦးခင်မောင်မောင် (အဖွဲ့ဝင်) (ယခုမြောက်ပိုင်းခရိုင် တရားသူကြီး)၊ မြောက်ပိုင်းခရိုင်တရားရုံး ဒုတိယခရိုင်တရားသူကြီး ဦးအုန်းခိုင်တို့ ပါဝင်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ (ဗဟို) ဥပဒေအထောက်အကူပြုအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံခံရမှုနှင့် ဦးကိုနီအားလုပ်ကြံခဲ့သည့် သေနတ်သမားကို လိုက်လံဖမ်းဆီးစဉ် ကျည်ဆန်ထိ မှန်သေဆုံးခဲ့သည့် ဦးနေဝင်းတို့အမှုနှင့်ပတ်သက်၍ တရားလိုဘက်မှတင်ပြသည့် စုစုပေါင်းသက်သေ ၈၈ ဦးအနက် လူသတ်မှု အမှုတွဲ၌ ၇၂ ဦး၊ လက်နက်မှုအမှုတွဲ၌ ခုနစ်ဦး စုစုပေါင်း ၇၉ ဦးတို့အား စစ်ဆေးခဲ့ပြီး လူသတ်မှုအမှုတွဲမှ သက်သေရှစ်ဦး လက်နက်မှုအမှုတွဲမှ သက်သေတစ်ဦးတို့ကို ပယ်ခဲ့သည်။

လက်ရှိတွင် တရားလိုဘက်မှ တင်ပြခဲ့သည့်သက်သေအချို့ကို ပြန်လည်စစ်ဆေးပေးရန်အတွက် ပြန်ခေါ်သက်သေအဖြစ်ရာကြီးအမှု အမှတ်၄၅/ ၂၀၁၇ (လူသတ်မှု အမှုတွဲ) ၌ ကြည်လင်းက ၂၄ ဦး၊  အောင်ဝင်းဇော်က ၂၇ ဦး၊ ဇေယျာဖြိုးက ၃၇ ဦး၊ အောင်ဝင်းထွန်းက ၂၇ ဦး၊ ရာကြီးအမှုအမှတ် ၄၆/ ၂၀၁၇ (လက်နက်မှုအမှုတွဲ) ၌ ကြည်လင်းက တစ်ဦး၊ အောင်ဝင်းဇော်ကသုံးဦးကို တရားရုံးသို့ တင်ပြထားပြီးတူညီသည့် သက်သေများလည်းပါရှိကာ ပြီးခဲ့သည့် မတ် ၉ ရက် ရုံးချိန်းပြီးချိန်အထိ ပြန်ခေါ်သက်သေ ၂၆ ဦးစစ်ဆေး ပြီးစီးကြောင်း သိရသည်။

Most Read

Most Recent