<

မုံရွာပြည်သူ့ဆေးရုံကြီးတွင် H1N1 ရောဂါပိုးတွေ့ရှိသူ နှစ်ဦးရှိနေကြောင်း ဆေးရုံအုပ်ကြီး ပြောကြား

မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးအား သြဂုတ် ၁၄ ရက်က တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးတွင် H1N1 ရောဂါ ပိုးတွေ့ရှိသူ နှစ်ဦးရှိနေကြောင်း မုံရွာဆေးရုံအုပ်ကြီး ဒေါက်တာအေးငြိမ်းက သြဂုတ် ၁၄ ရက် နံနက် ၉ နာရီကျော်ခန့်က သတင်းထောက်များ၏ မေးမြန်းစဉ်မှာ အတည်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် H1N1 ရောဂါ Positive ပိုးတွေ့သည့် လူနာများ ရှိလာနေပြီဖြစ်ကြောင်း၊ ဆားလင်းကြီးမြို့နယ် မြေဇွန်းကျေးရွာမှ H1N1 ရောဂါရှိသူ အမျိုးသားတစ်ဦးသည် မန္တလေးဆေးရုံမှာ ဆေးကုသမှု ခံယူနေရင်း သေဆုံးခဲ့ကြောင်း၊ ထို့နောက် ရွှေဘိုမြို့ အောင်ချမ်းသာရပ်ကွက်နေ အမျိုးသမီးတစ်ဦးလည်း မန္တလေးဆေးရုံကြီးတွင် H1N1 ရောဂါ တွေ့ရှိခဲ့ကြောင်း သိရသည်။

“ဆားလင်းကြီးမြို့နယ် မြေဇွန်းကျေးရွာသားတစ်ဦးလည်း မန္တလေးဆေးရုံကို သွားတက်တယ်။ ပြီးတော့ H1N1 ရောဂါနဲ့ ဆုံးသွားတယ်။ အဲဒီကနေစပြီး H1N1 ရောဂါ ပေါ်လာတယ်။ နောက်တစ်ဦးကတော့ ရွှေဘိုကနေ မန္တလေးဆေးရုံကိုသွားတက်တယ်။ သူလည်း H1N1 ပိုးတွေ့တယ်။ တတိယမြောက် လူနာကတော့ မုံရွာမြို့ GTC ကျောင်းသူတစ်ဦးပါ။ သူလည်း ဖျားနာပြီးတော့ မသင်္ကာလို့ ဆေးရုံလာတက်တဲ့အခါမှာ စစ်ဆေးကြည့်တော့ ပိုးတွေ့တယ်။ တန့်ဆည်မြို့နယ် နဖက်ကြီးတိုက်နယ်ဆေးရုံက ဆေးရုံအလုပ်သမား တစ်ဦးလည်း H1N1 ပိုးရှိတယ်လို့ အဖြေထွက်လာပါပြီ” ဟု မုံရွာဆေးရုံအုပ်ကြီး ဒေါက်တာအေးငြိမ်းက ပြောကြားသည်။

မုံရွာပြည်သူ့ဆေးရုံကြီးတွင် H1N1 ရောဂါပိုးတွေ့ရှိသူ နှစ်ဦးမှာ မုံရွာမြို့ နည်းပညာတက္ကသိုလ် ကျောင်းသူတစ်ဦးနှင့် နဖက်ကြီးတိုက်နယ်ဆေးရုံမှ ဆေးရုံအလုပ်သမား အမျိုးသားတစ်ဦးတို့ဖြစ်ကြောင်း နဖက်ကြီး တိုက်နယ်ဆေးရုံမှ သူနာပြု အမျိုးသမီးတစ်ဦးလည်း H1N1 သံသယစာရင်းထဲတွင် ထားရှိထားကြောင်း ယင်းသုံးဦးလုံးအား စိုးရိမ်ရသည့် အခြေအနေတွင် မရှိသော်လည်း မုံရွာဆေးရုံကြီးမှာဘဲ ဆက်လက်ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

“ပြီးခဲ့တဲ့ အပတ်ကထဲက ရုံးချုပ်ကို အစီရင်ခံတဲ့အခါမှာ မနေ့ကပဲ ကျွန်တော်တို့ ၀န်ထမ်းတွေအတွက် ကာကွယ်ဆေးထိုးဖို့ဆိုပြီးတော့ ကာကွယ်ဆေးအလုံး ၁၀၀ ကျွန်တော်တို့ဆီကို ရောက်လာပါပြီ။ ကာကွယ်ဆေးတွေ ထပ်ရလာမယ်ဆိုရင်တော့ ကျွန်တော်တို့ ရပ်ရွာတွေမှာရှိတဲ့ ဖြစ်ပွားတဲ့နေရာတွေနဲ့ ဆက်စပ်နေတဲ့ အသက်ကြီးတဲ့လူတွေ ကိုယ်ဝန်ဆောင်မိခင်တွေကိုတော့ ပြည်သူလူထု အထိပါ ထိုးပေးဖို့ဆိုပြီးတော့ စီစဉ်ထားတယ်လို့ ကျွန်တော်တို့ သိရပါတယ်။ မနေ့ကပဲ ကျွန်တော်တို့ဆီကို လူ ၅၀ စာ ဆေးဝါတွေ ထောက်ပံ့ပေးထားပြီး ဖြစ်ပါတယ်။ အဲဒီဆေးက ကျွန်တော်တို့ဆီမှာ အရံသင့်ရှိနေပါပြီ” ဟု ဒေါက်တာအေးငြိမ်းက ဆက်လက်ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးတွင် H1N1 Positive ပိုးတွေ့ရှိသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်းနှစ်ဦးရှိပြီး H1N1 Positive သံသယလူနာနှစ်ဦးရှိသည့်အနက် တစ်ဦးသေဆုံးသွားကြောင်း ဆားလင်းကြီးမြို့နယ် မြေဇွန်ကျေးရွာမှ အမျိုးသားတစ်ဦးလည်း မန္တလေးဆေးရုံကြီး သေဆုံးသွားခဲ့ပြီး ရွှေဘိုမြို့ အောင်ချမ်းသာရပ်ကွက်မှ အမျိုးသမီးတစ်ဦးလည်း မန္တလေးဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

August 14, 2017














Copy Protected by Chetan's WP-Copyprotect.