w မြန်မာနိုင်ငံ၏ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က လူမျိုးစုလိုက် သုတ်သင်မှုဟူသည့် စွပ်စွဲချက်ကို ပယ်ချ - Eleven Media Group <

မြန်မာနိုင်ငံ၏ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က လူမျိုးစုလိုက် သုတ်သင်မှုဟူသည့် စွပ်စွဲချက်ကို ပယ်ချ

မြန်မာအစိုးရက ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင်များအပေါ် လူမျိုးစုလိုက် သုတ်သင်မှု ကျူးလွန်ခဲ့သည်ဟူသော စွပ်စွဲမှုတစ်ရပ်ကို မြန်မာနိုင်ငံ၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က မတ် ၈ ရက်တွင် ပယ်ချလိုက်ကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ လူမျိုးစုလိုက်သုတ်သင်မှု ဒါမှမဟုတ် လူမျိုးတုံးသတ်ဖြတ်မှုတောင် ရှိတယ်လို့ စွပ်စွဲချက်တွေ အများကြီးကို ကျွန်တော်တို့ ကြားရတတ်ပါတယ်။ ဒါဟာ အစိုးရရဲ့ မူဝါဒ မဟုတ်ပါဘူး” ဟု မြန်မာနိုင်ငံ၏ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် မြန်မာနိုင်ငံ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ၏ ဥရောပဌာနချုပ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တစ်ရပ်၌ ပြောကြားခဲ့သည်။

“ရှင်းလင်းတဲ့ သက်သေအထောက်အထား ရှိမယ်ဆိုရင် အချိန်မရွေး ကျွန်တော်တို့က ဘယ်ရာဇ၀တ်မှုကိုမဆို ကြိုးကိုင်ဆောင်ရွက်ခဲ့သူတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်ခဲ့သူတွေကို အရေးယူမှုရှိရေး သေချာအောင် လုပ်မှာပါ” ဟု ဦးသောင်းထွန်းက ပြောကြားခဲ့သည်။

မတ် ၇ ရက်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ ဇစ်ရာအက်အယ်ဟူစိန်က မြန်မာနိုင်ငံတွင် ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် ပတ်သက်၍ ရာဇ၀တ်မှုကြောင်းအရ စွဲချက်တင်ရေးကို ပြင်ဆင်မည့် တာဝန်ကို ပေးရေးအတွက် အဖွဲ့သစ်တစ်ရပ် ဖွဲ့စည်းပေးရန် တောင်းဆိုခဲ့သည်။ ဆီးရီးယား ပဋိပက္ခအတွက် အလားတူ ခုံအဖွဲ့မျိုး ဖွဲ့စည်းခဲ့ပြီးဖြစ်သည်။

ဟူစိန်၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) တို့၏ နေရပ်ဖြစ်သော ရခိုင်ပြည်နယ်တွင် လူမျိုးတုံးသတ်ဖြတ်မှု လုပ်ရပ်များ ဖြစ်ပွားခဲ့ဖွယ်ရှိခြင်းနှင့် ပတ်သက်၍ သူ၏စိုးရိမ်မှုကို ထပ်မံတင်ပြခဲ့သည်။

ဦးသောင်းထွန်းက “နိုင်ငံရဲ့ အဲဒီအစိတ်အပိုင်းက မွတ်စလင်အများစုဟာ ရွာတွေမှာ ရှိနေတုန်းပါပဲ” ဟု ပြောကြားခဲ့သည်။

ဦးသောင်းထွန်းက အကယ်၍ လူမျိုးတုံး သတ်ဖြတ်ရန် ကြိုးပမ်းမှုသာ ရှိခဲ့ပါက ၎င်းတို့အားလုံး ယင်းနယ်မြေမှနေ၍ ထွက်ပြေးသွားလိမ့်မည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

“တကယ့်အချက်က မြန်မာနိုင်ငံဟာ နယ်စပ်ကိုဖြတ်ပြီး ထွက်ပြေးသွားတဲ့ လူတွေကို ဘင်္ဂလားဒေ့ရှ်ကနေ ပြန်ခေါ်ဖို့ လိုလားပါတယ်။ ကျွန်တော်တို့က သူတို့ကို နိုင်ငံထဲကနေ မောင်းထုတ်ဖို့ စီစဉ်နေတာ မဟုတ်ပါဘူး” ဟုလည်း ဦးသောင်းထွန်းက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်က ၎င်းတို့နိုင်ငံ တောင်ပိုင်းရှိ ပေရေစုတ်ချာလှသော စခန်းများတွင် ဒုက္ခသည် တစ်သန်းကျော် နေထိုင်နေသည်ဟု ပြောကြားခဲ့သည်။

Ref : AFP

March 9, 2018














Copy Protected by Chetan's WP-Copyprotect.