<

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေထိုင်ခဲ့သည့် ရခိုင်တိုင်းရင်းသား ၄၀ နီးပါး မြန်မာနိုင်ငံ မောင်တောမြို့နယ် အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေထိုင်ခဲ့ပြီး မောင်တောမြို့နယ်အတွင်း ပြန်လည်ပြောင်းရွှေ့လာသည့် ရခိုင်လူမျိုး အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည်ထဲရေးဝန်ကြီးဌာန)

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေထိုင်ခဲ့သည့် ရခိုင်တိုင်းရင်းသားများ မြန်မာနိုင်ငံ မောင်တောမြို့နယ် အတွင်းသို့  ဆက်လက်ပြောင်းရွှေ့ ၀င်ရောက်လျက်ရှိကြောင်းနှင့် ၂၀၁၈ နှစ် ဆန်းပိုင်းတွင် ဦးရေ ၄၀ နီးပါး ရောက်ရှိနေကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒရာဘန်ခရိုင် တန်းဆိပ်မြို့နယ် မော်တုတ်ကြီးကျေးရွာနေ ဦးမဲတုတ် (၄၅ နှစ်) ဦးစီးသည့် ရခိုင်တိုင်းရင်းသား အိမ်ထောင်စု ကိုးစု၊ လူဦးရေ ၃၃ ဦး (ကျား ၁၉၊ မ ၁၄) သည် မတ် ၈ ရက် ညနေ ၃ နာရီကျော်တွင် မောင်တောမြို့နယ် အောင်သပြေကျေးရွာ စာသင်ကျောင်းသို့ ထပ်မံရောက်ရှိ လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါ ပြောင်းရွှေ့ဝင်ရောက်လာသူများအား ရဲတပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနတို့မှ ၀န်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ယင်းမတိုင်မီ ဖေဖော်ဝါရီ ၂၂ ရက်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဦးမောင်အေးစိန် (၇၂ နှစ်) ပါ ခြောက်ဦး (ကျား ၄၊ မ ၂) သည် မောင်တောမြို့နယ် နံ့သာတောင်ကျေးရွာသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

၎င်းတို့မှာ နေထိုင်စားသောက်ရေး ခက်ခဲခြင်း၊ အစ္စလာမ်ဘာသာဝင် အချို့က လူမျိုးရေး၊ စီးပွားရေး အနိုင်ကျင့် ခြိမ်းခြောက်ခြင်းတို့ကြောင့် မြန်မာနိုင်ငံသို့ သွားရောက်နေထိုင်ရန် ဦးမောင်အေးစိန်၏ အကူအညီဖြင့် လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့မှာ အခြေချနေထိုင်လို၍ ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၄ နာရီတွင် မှတ်တိုင် (၃၈) အနီး ရေမြောင်းပေါက်မှ ၀င်ရောက်ခဲ့ပြီး မောင်တော မြို့မဘုန်းကြီးကျောင်း၌ ညအိပ်စဉ် နံ့သာတောင် ဆရာတော်နှင့် တွေ့ဆုံကာ ဆရာတော်က နံ့သာတောင် ဘုန်းကြီးကျောင်းသို့ သွားရောက် နေထိုင်ရန် ပြောဆိုသဖြင့် လာရောက် နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

March 9, 2018














Copy Protected by Chetan's WP-Copyprotect.