စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းရှင်နှင့် လူပုဂ္ဂိုလ်အချို့က လွှတ်တော်ကိုယ်စားလှယ် အချို့အား အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ရှိနေကြောင်း ခြိမ်းခြောက်ခံခဲ့ရသည့် လွှတ်တော် ကိုယ်စားလှယ်များ ပြောကြား

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းရှင်နှင့် လူပုဂ္ဂိုလ်အချို့က လွှတ်တော်ကိုယ်စားလှယ် အချို့အား အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ရှိနေကြောင်း ခြိမ်းခြောက်ခံခဲ့ရသည့် လွှတ်တော် ကိုယ်စားလှယ်များ ပြောကြား
Published 10 March 2018

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တက်ရောက်နေသည့် လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှ လွှတ်တော်ကိုယ်စားလှယ် အချို့အား စီးပွားရေး လုပ်ငန်းရှင်နှင့် အခြားလူပုဂ္ဂိုလ် အချို့က ၎င်းတို့ကို အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ရှိနေကြောင်း ခြိမ်းခြောက်ခံရသည့် လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

အသက်အန္တရာယ် ခြိမ်းခြောက်ခံ ကိုယ်စားလှယ်များသည် တရားဥပဒေစိုးမိုးမှုနှင့် ပတ်သက်၍ လက်ရှိအခြေအနေထက် ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း ယခုအနေအထားအတိုင်း ဆက်လက်သွားပါက ၎င်းတို့၏ ရပ်တည်မှုသည် စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း ကနီမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောကြားသည်။

“အစိုးရအနေနဲ့က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုံခြုံရေးရော ပြည်သူတွေရဲ့လုံခြုံရေးရော ပိုပြီးတော့ အားစိုက်သင့်တယ်လို့ မြင်ပါတယ်။ ရုတ်တရက် လတ်တလော တယ်လီဖုန်းနဲ့ ခြိမ်းခြောက်တာတွေရှိတယ်။ နှုတ်နဲ့လည်း ခြိမ်းခြောက်တာတွေရှိတယ်။ အဲဒီလို ခြိမ်းခြောက်လာတဲ့ အခါမှာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကိုတော့ ကျွန်တော်တို့က အကြောင်းကြားပါတယ်။ ကျွန်တော်တို့က လိုအပ်တဲ့အခါကျရင် ရဲတပ်ဖွဲ့ကို လုံခြုံရေး ခေါ်တာတွေရှိတယ်။ အမြဲတမ်းကျတော့လည်း သူတို့လည်း မလိုက်နိုင်ပါဘူး။ စီးပွားရေး လုပ်ငန်းရှင် တွေကလည်းရှိတယ်။ တချို့ဆိုရင် ဌာနဆိုင်ရာတွေက အကြီးအကဲတွေကိုယ်တိုင် ခြိမ်းခြောက်တာတွေ ရှိပါတယ်” ဟု ဦးထွန်း ထွန်းဝင်းက ဆိုသည်။

တရားဥပဒေ စိုးမိုးရေးသည် ပြည်သူအားလုံး သိနေသည့် အတိုင်းသာရှိကြောင်း လိုအပ်ချက်များနှင့် လုပ်စရာများရှိကြောင်း ခြိမ်းခြောက်မှုများ မည်မျှရှိစေကာမူ ပြည်သူများထံမှ မဲယူထားသည့်အတွက် လုပ်စရာရှိသည်ကို ရှေ့ဆက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဒေါ်စုမြတ်ထက်က ဆိုသည်။

“ဘယ်လိုပဲ ခြိမ်းခြောက်ပါစေ။ ကျွန်မကတော့ စိုးရိမ်ကြောင့်ကြမှု မရှိပါဘူး။ စိတ်အနှောင့်အယှက် လေးလောက်ပဲ နည်းနည်းဖြစ်ပါတယ်။ ကုမ္ပဏီတွေကိုတော့ ကျွန်မက လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။ သူတို့နဲ့ပဲ ပြေပြေလည်လည် ညှိနှိုင်းပြီး လုပ်ပါတယ်။ ဒါပေမဲ့ သူတို့အတွက်ကတော့ အကျိုးအမြတ်က တော်တော်လေးကို ထိခိုက်တယ်လို့ သူတို့ က ယူဆတဲ့အခါမှာ ကျွန်မတို့အပေါ်ကို ဒီလိုခြိမ်းခြောက်လာတာပါ။ ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်ပြီး ပါတီက လူကြီးတွေနဲ့ ကျွန်မတို့ရဲ့ လွှတ်တော်ဥက္ကဋ္ဌကြီးကိုလည်း ပြောဖြစ်ပါတယ်။ အရင်တုန်းကတော့ ကုမ္ပဏီတွေက လွယ်လွယ်ကူကူ လက်မှတ်တွေ ရခဲ့ကြတာကိုတော့ ကျွန်မလည်း မပြောတတ်ဘူး။ ကျွန်မတို့ လက်ထက်မှာကတော့ သူ့ရဲ့စံချိန်စံညွှန်းအတိုင်း မဟုတ်ရင် လက်မှတ်မထိုးပေးဘူး။ ဒီအပေါ်မှာ သူတို့ကတော့ အခက်အခဲ ဖြစ်ပုံရပါတယ်” ဟု စစ်ကိုင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုမြတ်ထက်က ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ် သက်တမ်းတစ်လျှောက်တွင် စိတ်ထဲ၌ စိုးရိမ်ပူပန်မှုများ၊ တုန်လှုပ်ခြင်းနှင့် ဒေါသထွက်သည့် အပိုင်းသာ ရှိကြောင်း ခြိမ်းခြောက်ခံခဲ့မှုသည် အတုံ့အပြန်ရှိကြောင်း စာဖြင့်ပေးပို့ကာ ခြိမ်းခြောက်ခံခဲ့ရကြောင်း ဒေါ်သန့်ဝေကျော်က ပြောကြားသည်။

“မူလတန်းအရွယ် ကလေးရဲ့ပါးကို လက်သည်းနဲ့ ဆရာမကဆိတ်တဲ့ကိစ္စ ပြဿနာပေါ့နော်။ ဒီကိစ္စကလည်း တစ်နိုင်ငံလုံး ဟိုးလေးတကျော်လည်း ဖြစ်သွားတယ်။ ကျွန်မ ရဲ့မိသားစုကိုလည်း ဂရုစိုက်ပါ။ အတုံ့အလှည့် ဆိုတာရှိတယ်။ ခြိမ်းခြောက်တဲ့ စာတွေတင်တယ်။ အမှန်တရား တစ်ခုကို ရပ်တည်တဲ့အခါ မှာ ကျွန်မတို့ကို ကြောက်သလားလို့မေးရင်တော့ လုံးဝမကြောက်ပါဘူး။ ဒါပေမဲ့ ဒီလိုမျိုး ခြိမ်းခြောက်တဲ့စာတွေကို ရုတ်တရက်တွေ့လိုက်တော့ နည်းနည်းလေး တုန်လှုပ်ပါတယ်” ဟု ကလေးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်က ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ် အချို့အား အသက်အန္တရာယ် ခြိမ်းခြောက်သည့်နေရာတွင် တရားမဝင် သစ်မှောင်ခို လုပ်ကိုင်သူများ၊ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူများ၊ တင်ဒါအောင် ကုမ္ပဏီအချို့မှ စီးပွားရေး လုပ်ငန်းရှင်အချို့နှင့် အခြားလူပုဂ္ဂိုလ် အချို့တို့ကလည်း ခြိမ်းခြောက်မှုများရှိကြောင်း သိရသည်။

 

Most Read

Most Recent