တနင်္သာရီတိုင်းအတွင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့များ ကောက်ခံနေသော အခွန်အခများကို ထက်ဝက်လျှော့ချမည်

တနင်္သာရီတိုင်းအတွင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့များ ကောက်ခံနေသော အခွန်အခများကို ထက်ဝက်လျှော့ချမည်
Published 10 March 2018

တနသာၤရီတိုင်းအတွင်းရှိ မြို့နယ်စည်ပင်သာယာရေး အဖွဲ့များမှ ကောက်ခံနေသော အခွန်အခများကို ဧပြီ ၁ ရက်မှစတင်ကာ ထက်ဝက်လျော့ချ ကောက်ခံမည်ဟု သိရသည်။

ယင်းသို့ကောက်ခံခြင်းမှာ အစိုးရက ပြောင်းလဲလိုက်သည့် ဘတ်ဂျက်နှစ် သတ မှတ်ချက်ကြောင့်ဖြစ်ပြီး ဘတ်ဂျက်နှစ်အသစ် စတင်သည့် အောက်တိုဘာ ၁ ရက်တွင် ပုံမှန်အတိုင်း ကောက်ခံမည်ဖြစ်သည်။

“Budget Year က အရင်နှစ်တွေကဆို ဧပြီလကနေစပြီး မတ် ၃၁ ရက်မှာ ဆုံးတယ်။ ဒါကကြာလှပြီ။ မြန်မာနိုင်ငံမှာ လည်ပတ်နေတာ အခု Budget Year က ဘယ်လိုပြောင်းလဲဆိုတော့ အောက်တိုဘာ ၁ ရက်ကနေပြီးတော့ စက်တင်ဘာ ၃၀ ရက်အထိ ဖြစ်သွားတယ်။ အဲဒီတော့ ကြားကာလဖြစ်တဲ့ ဧပြီလကနေ စက်တင်ဘာ ၃၀ အထိ ခြောက်လက ‘ဟ’ နေတယ်။ ဒီခြောက်လ ‘ဟ’ တဲ့ကာလကို Mini Budget ခေါ်တာပေါ့။ Mini Budget က ခြောက်လဆိုတဲ့ အတွက်ကြောင့် အခွန်အကောက်တွေ ကောက်ခံနေရတဲ့ ဌာနတွေ ဂွကျသွားတယ်။ ဥပမာ အရင်က တစ်နှစ်စာ အစားအသောက်လုပ်ငန်း လိုင်စင်ဆိုရင် ၈၀၀၀၀ ကောက်တယ်။ အခုက ၈၀၀၀၀ အပြည့်ကောက်လို့ မရတော့ဘူး။ ခြောက်လစာပဲ ရှိတဲ့အတွက် ၄၀၀၀၀ ပဲကောက်ရမယ်။ အဲဒီလိုဖြစ်နေတယ်။ အခုကြားကာလ ခြောက်လမှာပေါ့။ ဒါပေမဲ့  နောက်ဘတ်ဂျက်အကြီးစမယ့် အောက်တိုဘာ ၁ ရက်ကစပြီးတော့ မူလနှုန်းအတိုင်းပဲ ပြန်ကောက်သွားမှာပါ” ဟု ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးအောင်ကျော်မျိုးက ပြောကြားသည်။

Budget Year အသစ်သတ်မှတ်ခြင်းကို ယခု ၂၀၁၈-၁၉ ခုနှစ်တွင် စတင်မည်ဖြစ်သောကြောင့် ၂၀၁၇-၁၈ ဘတ်ဂျက်နှစ် အကုန်အပြီး ဧပြီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ခြောက်လကို Mini Budget အဖြစ် သတ်မှတ်ကာ ယင်းကာလအတွက် အခွန်အကောက်များကို ထက်ဝက်လျော့ချ ကောက်ခံသွားမည် ဖြစ်ကြောင်း၊ စားသောက်ဆိုင်၊ ဘေးအန္တရာယ် လုပ်ငန်းလိုင်စင်၊ ဘီးခွန်၊ အိမ်ခွန် (ပစ္စည်းခွန်)၊ ကြော်ငြာဆိုင်းဘုတ်၊ တည်းခိုခန်းလိုင်စင် စသည့်စည်ပင်သာယာရေးအဖွဲ့မှ အခွန်ကောက်ခံနေသော လုပ်ငန်းများ အားလုံးကို မူလတစ်နှစ်တာ ပေးသွင်းရသည့် အခွန်ပမာဏထက် ထက်ဝက်လျှော့ချ ကောက်ခံသွားမည်ဖြစ်ပြီး Budget Year အသစ်စတင်မည့် အောက်တိုဘာ ၁ ရက်မှ စတင်ကာ မူရင်းသတ်မှတ် ကောက်ခံနေသည့်နှုန်းအတိုင်း ဆက်လက်ကောက်ခံ သွားမည်ဟု ၎င်းကဆက်လက် ပြောကြားသည်။

ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အနေဖြင့် ၂၀၁၇-၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် အခွန်ကောက်ခံရရှိရန် မူလလျာထားချက် (BE) မှ ကျပ် ၈၆၅၀ သိန်းဖြစ်ပြီး ပြုပြင်ပြီးလျာထားချက် (RE) မှာ ကျပ်သိန်း ၁၁၀၀၀ ဖြစ်ကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မကုန်မီ ဖေဖော်ဝါရီလကုန်အထိ ထားဝယ်မြို့နယ်အတွင်း ကောက်ခံရရှိသည့် အခွန်ငွေမှာ ကျပ်သိန်း ၁၀၃၀၀ ရရှိထားခဲ့ပြီး ယင်းသို့အခွန်ငွေ တိုးမြင့်ရရှိလာခြင်းမှာ မြို့နယ်အတွင်း ဆိုင်အသစ်များ ပိုမိုများပြားလာခြင်းနှင့် နေအိမ်တည်ဆောက်မှု ပိုမိုများပြား လာခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ ယင်းအခွန်ငွေများအနက်မှ လျာထားချက်ထက် ပိုမိုရရှိခဲ့သည့် အခွန်ငွေများကို တိုင်းဒေသကြီး အစိုးရထံ ပိုလျှံရန်ပုံငွေအဖြစ် ပေးသွင်းရပြီး ကျန်ရှိသည့် လျာထားငွေ BE မှ ကျပ်သိန်း ၈၀၀၀ ကျော်ကိုမူ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းများ၌ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent