NCA ရေးထိုးခြင်းနှင့် ပတ်သက်သည့် လူထုရှင်းလင်းပွဲပြုလုပ်မည့် အစီအစဉ်များတွင် လူများသည်ဟု အကြောင်းပြချက်ဖြင့် တပ်မတော်က ခွင့်မပြုသောကြောင့် တွေ့ဆုံပွဲများကို ဆိုင်းငံ့ထားကြောင်း မွန်ပြည်သစ်ပါတီ ပြောကြား

NCA ရေးထိုးခြင်းနှင့် ပတ်သက်သည့် လူထုရှင်းလင်းပွဲပြုလုပ်မည့် အစီအစဉ်များတွင် လူများသည်ဟု အကြောင်းပြချက်ဖြင့် တပ်မတော်က ခွင့်မပြုသောကြောင့် တွေ့ဆုံပွဲများကို ဆိုင်းငံ့ထားကြောင်း မွန်ပြည်သစ်ပါတီ ပြောကြား
Published 10 March 2018

၂၀၁၆ ခုနှစ် သြဂုတ် ၂၂ ရက်က ကရင်ပြည်နယ် ကျားအင်းဆိပ်ကြီးမြို့နယ် ပေါလောကုန်းကျေးရွာတွင် မွန်ပြည်သစ်ပါတီမှ ဦးဆောင်ပြုလုပ်သည့် မွန်အမျိုးသားကွန်ဖရင့် ဖွင့်ပွဲအခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ - ဘိုဘိုမြင့်)

မွန်ပြည်သစ်ပါတီ (NMSP) က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ရေးထိုးခြင်းနှင့် ပတ်သက်သည့် လူထုတွေ့ဆုံပွဲပြုလုပ်မည့် အစီအစဉ်များတွင် လူများသည်ဟု အကြောင်းပြချက်ဖြင့် တပ်မတော်က ခွင့်မပြုသောကြောင့် တွေ့ဆုံပွဲများကို ဆိုင်းငံ့ထားကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်ဝင်းလှက ပြောကြားသည်။

လူထုတွေ့ဆုံရှင်းလင်းပွဲတွင် မွန်ပြည်သစ်ပါတီအနေဖြင့် လူ ၂၅၀ ခန့်ဖြင့် လုပ်ဆောင်ရန် စီစဉ်ထားသော်လည်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်က ရှင်းလင်းပွဲတွင် လူဦးရေ ၃၀ ခန့်သာ ခွင့်ပြုကြောင်း၊ ထို့ကြောင့် လူထုတွေ့ဆုံပွဲများကို ဆိုင်းငံ့ထားကြောင်း နိုင်ဝင်းလှက ပြောကြားသည်။

ထို့ပြင် လူထုတွေ့ဆုံပွဲလုပ်မည့် နေရာများသည်လည်း မွန်ပြည်သစ်ပါတီ၏ တပ်တည်စခန်းများတွင်သာ လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း၊ ယခုကိစ္စနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးကော်မရှင် အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးကို အသိပေးအကြောင်းကြားထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့လူထုတွေ့ဆုံပွဲလုပ်တယ် ဆိုကတည်းက သူတို့ရဲ့အကြောင်းပြချက်က မြို့နဲ့နီးတယ်။ လူတွေများတယ်ပေါ့လေ။ ကျွန်တော်တို့ကလည်း လူထုတွေ့ဆုံပွဲဆိုတော့ လူတွေများမှာပေါ့။ မြို့နဲ့နီးတယ် ဆိုတာကလည်း တောထဲမှာဆိုရင် ကျွန်တော်တို့သစ်ပင်နဲ့ပဲ စကားပြောရမှာပေါ့။ ဒီလူထုတွေ့ဆုံပွဲတွေ ဆိုတာကလည်း NCA လမ်းကြောင်းမှာ ပါဝင်တဲ့ လုပ်ငန်းအဆင့်အတိုင်းကို အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ လူထုနဲ့တွေ့ဆုံမယ်။ NCA အကြောင်းကိုရှင်းလင်းမယ်။ NCA လမ်း ကြောင်းထဲမှာ ဘာအလုပ်တွေပါလဲ ရှင်းပြမယ်။ လူထုကနေပြီး ဘယ်လိုအကြံပြုချက်တွေ ပြန်ပေးမလဲ နားထောင်မယ်။ အဲ့ဒီသဘောလောက်ပါပဲ။ ကျွန်တော်တို့ နိုင်ငံတော်ကို သော်လည်းကောင်း၊ တပ်မတော်ကို သော်လည်းကောင်း ပုန်ကန်ဆန့်ကျင်ဖို့ လူစုတာမဟုတ်ဘူး။ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်ထဲမှာ ပါဝင်ချင်လို့၊ တိုင်းပြည်ငြိမ်းချမ်းရေးရအောင် ဘာတွေဆွေးနွေးကြမလဲ ဆိုတာတွေကို တပ်မတော်ကို ပြောဖြစ်ပါတယ်” ဟု နိုင်ဝင်းလှက ပြောကြားသည်။

ယခုကဲ့သို ကိစ္စရပ်များ ဖြစ်လာသည့်အတွက် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးနှင့် ပတ်သက်ပြီးပြောရန် စောသေးကြောင်း၊ လူထုအနေဖြင့် မည်သို့တုန့်ပြန်မည်၊ မည်သည့်သဘောရှိမည် ဆိုသည့်အပေါ် မူတည်ပြီး ညှိနှိုင်းရမည်ဖြစ်ကြောင်း နိုင်ဝင်းလှက ဆိုသည်။

“လူထုတွေ့ဆုံပွဲတွေလုပ်ရင် လူထုကတော့ သူတို့လာသင့်သလောက် လာကြမှာပဲ လေ။ သူတို့အတွက် ဘယ်လောက် ပတ်သက်မှုရှိမလဲ။ ဘယ်လောက်စိတ်ပါဝင်စားမှု ရှိမလဲအပေါ် မူတည်ပြီးတော့ လာကြမှာပဲလေ။ ပြီးတော့ အခုလို လူထုတွေဆုံပွဲတွေက အရင်ကလည်း မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေထဲမှာ လုပ်နေကြပုံစံအတိုင်းပဲ။ အရင်ကလည်းလုပ်နေကြပဲ။ အခုလည်း NCA စာချုပ်မှာ လက်မှတ်ထိုးပြီးပြီဆိုတော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မလုပ်ခင်မှာ လူထုနဲ့တွေ့ဆုံပွဲတွေလုပ်မယ်။ NCA စာချုပ်မှာ လက်မှတ်ထိုးတဲ့ အကြောင်းတွေ ပြောမယ်။ အဲ့ဒီမှာလူများတယ်။ မများဘူး ဆိုတာက သူတို့စိုးရိမ်စရာ မဟုတ်ဘူး။ ဒါကိုလည်း ခိုင်လုံတဲ့ အကြောင်းပြချက်အနေနဲ့ မယူသင့်ဘူးလေ။ အဲဒီလိုတော့ မဖြစ်သင့်ဘူး” ဟု မွန်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးမင်းမင်းလတ်က ပြောကြားသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် NCA စာချုပ်အရ ၎င်းတို့ဦးဆောင်ကျင်းပရမည့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲမတိုင်ခင် ယခုလအတွင်း ၎င်းတို့တပ်တည်ရာ နေရာငါးနေရာဖြစ်သည့် ကရင်ပြည်နယ်၌ ကော့ဘိန်းကျေးရွာအနီး ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ပေါက်ကျေးရွာအနီးနှင့် ဘုရားသုံးဆူမြို့ ဂျပန်ရေတွင်း ကျေးရွာများ၌ လည်းကောင်း၊ မွန်ပြည်နယ် ရေးမြို့နယ် ရေးချောင်းဖျားဒေသနှင့်  မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ဌာနချုပ်ဖြစ်သည့် ဝယ်ဇင်စခန်းတို့၌ လည်းကောင်း လူထုတွေ့ဆုံပွဲ ပြုလုပ်ရန် စီစဉ်ထားသည်။

Mon CSO Network မှ ဦးမင်းအောင်ထူးက “သာမန်ပြည်သူ တစ်ယောက်အနေနဲ့ အပေါ်ယံ အမြင်လေးနဲ့ကြည့်ပြီး ပြောရင်တောင် ဒီလိုမျိုး ပိတ်ပင်တာပဲဖြစ်ဖြစ်၊ ခွင့်မပြုတာပဲဖြစ်ဖြစ်၊ အဲဒီလိုမျိုး လုပ်တာကတော့ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူးပေါ့ဗျာ။ တကယ်တမ်းကျတော့ တတိယအကြိမ် (၂၁) ရာစု ပင်လုံညီလာခံကို ဦးတည်ပြီးတော့ သွားနေကြတဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ မတိုင်ခင်မှာ မွန်ပြည်သစ်ပါတီအနေနဲ့ NCA နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို လူထုတွေ့ဆုံရှင်းလင်းပွဲတွေ လုပ်မယ်ဆိုတာ အစောကြီးကတည်းက ညှိနှိုင်းထားကြတယ်လို့ကျွန်တော်ကတော့ သဘောပေါက်တယ်။ ဒါပေမဲ့ ဘယ်လိုတွေ ပြောထားဆိုထားကြလဲ ဆိုတာတော့ မသိဘူး။ ဘာပဲပြောပြော ဒီလိုမျိုးဖြစ်စဉ် ဖြစ်လာတဲ့အခါမှာ NCA လက်မှတ်မထိုးရသေးတဲ့ ကျန်တဲ့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အတွက်လည်း အမြင်မကောင်းဘူး ဖြစ်သွားလိမ့်မယ်” ဟု ပြောကြားသည်။

မွန်ပြည်သစ်ပါတီသည် NCA စာချုပ်တွင် လားဟူဒီမိုကရက်တစ် အစည်းအရုံးနှင့်အတူ ဖေဖော်ဝါရီ ၁၃  ရက်က ပါဝင်လက်မှတ် ရေးထိုးခဲ့သည်။

 

Most Read

Most Recent