လျှပ်စစ်ဓာတ်အား စတင်သုံးစွဲမည့် ကျေးလက်နေပြည်သူများအနေဖြင့် မီတာတစ်လုံးလျှင် ကျပ်သုံးသောင်းဝန်းကျင်ဖြင့် သုံးစွဲနိုင်ရန်ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

လျှပ်စစ်ဓာတ်အား စတင်သုံးစွဲမည့် ကျေးလက်နေပြည်သူများအနေဖြင့် မီတာတစ်လုံးလျှင် ကျပ်သုံးသောင်းဝန်းကျင်ဖြင့် သုံးစွဲနိုင်ရန်ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 10 March 2018


လျှပ်စစ်မီးမရှိ၍ ဆိုလာပြားစနစ်ဖြင့် လျှပ်စစ်သုံးစွဲနေရသည့် အုတ်ဖိုမြို့နယ်အတွင်းရှိ အင်းဒေသကျေးလက်တစ်ခုမြင်ကွင်း

လျှပ်စစ်ဓာတ်အား စတင်သုံးစွဲမည့် ကျေးလက်နေပြည်သူများအနေဖြင့် မီတာတစ်လုံးလျှင် ကျပ်သုံးသောင်းဝန်းကျင်ဖြင့် သုံးစွဲနိုင်ရန် ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

မတ် ၉ ရက်က နေပြည်တော်ရှိ Horizon Lake View ဟိုတယ်တွင် ပြုလုပ်သည့် မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံအကြား လျှပ်စစ်ဓာတ်အား ကုန်သွယ်ရေးအတွက် ဝန်ကြီးအဆင့်အစည်းအဝေးပွဲအပြီးတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုကို အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြန်လည်ဆန်းစစ်မှုများ ပြုလုပ်ရာတွင် နိုင်ငံအတွင်း မီးမရရှိသေးသည့် ကျေးရွာအများအပြားရှိနေပြီး မီးစတင်သုံးစွဲမည့်သူများအနေဖြင့် မီတာတန်ဖိုးမှာ သုံးစွဲမည့်သူများအနေဖြင့် အခက်အခဲဖြစ်နေကြောင်း ပြည် ထောင်စုဝန်ကြီးက ပြောကြားသည်။

“အခု ကျွန်တော်တို့တွေ Review လုပ်တယ်။ အရေးကြီးတာက နောက်ပိုင်း တိုင်းပြည်မှာလည်း မီးမရတဲ့ရွာ အများကြီး ကျန်သေးတယ်။ ရာခိုင်နှုန်း ၆၀ လောက်စပြီး  မီးသုံးမယ့်သူတွေက မီတာဖိုးကြီးမှာ သူတို့အတွက် အများကြီးအခက်အခဲဖြစ်တယ်။ ဒါကြီးကို မကျော်လွှားနိုင်ဘူး။ မီတာဖိုးကြီးက ဈေးကြီးလွန်းလို့။ အခုလုပ်လိုက်တဲ့စနစ်က ကျေးလက်က ကျေးလက်မီတာသုံးမယ်။တခြားဟာလည်း သုံးလို့ရတယ်။ သူ့တော့ Limit မလုပ်ထားဘူး။ ဒါပေမဲ့ သူ့အတွက်လည်း Save  ဖြစ်တယ်။ လိုအပ်တဲ့ လျှပ်စစ်ကို ဘေးအန္တရာယ်ကင်းကင်းပေးနိုင်တယ်။ ဒီလိုမီတာမျိုးလေးက ဒီလောက်ဈေးမကြီးဘူး။ ဒါဆို နှစ်သောင်း၊ သုံးသောင်းလောက်နဲ့ ပြီးသွားတဲ့ကိစ္စ” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

လျှပ်စစ်ဓာတ်အား အနည်းငယ်သုံးစွဲသူများက မီတာတန်ဖိုးကို ဈေးကြီးမပေးလိုကြောင်း၊ ယခင်က တစ်ပြည်လုံးတွင် မြို့သုံး၊ တောသုံး မီတာတစ်မျိုးတည်းသာရှိခဲ့ပြီး ပြည်သူလူထုဘက်က ပြန်ကြည့်ပါက မမျှတသည့်အတွက် ဈေးကြီးသည့်မီတာများ သုံးရန်မလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။

“မီတာက ဈေးအများကြီးသက်သာသွားမယ်။ မီတာက အဓိက အခက်အခဲကြီး ဖြစ်နေတာ။ မီတာ ရှစ်သောင်း၊ ကိုးသောင်းက အများကြီး ဒုက္ခရောက်နေတာ။ မီတာဈေးကို အန္တရာယ်လည်း လုံးဝကင်းရမယ်။ လျှပ်စစ်ရဲ့ ဥပဒေနဲ့လည်း ကိုက်ညီရမယ်။ ဒီလိုမီတာကို လိုတဲ့လူထုဆီကို အရောက်ပို့ပေးရမယ်။ ဈေးအသက်သာဆုံး။ လျှပ်စစ်ကို သူတို့တွေ ဈေးသက်သက်သာသာနဲ့ စပြီးတော့ သုံးဖို့အတွက် အခက်အခဲကြီးမဖြစ်အောင်၊ ဒီဟာကို မြန်မြန်ကျော်လွှားလို့ရအောင်ပါ” ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

Most Read

Most Recent