<

ကချင်ပြည်နယ်တွင် နှစ်လအတွင်း မိုင်းနင်းဒဏ်ရာရသူ ၃၃ ဦးရှိပြီး လေးဦးသေဆုံး

ကချင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် ဇန်န၀ါရီနှင့် ဖေဖော်ဝါရီ နှစ်လအတွင်း မိုင်းနင်း ဒဏ်ရာရသူ ၃၃ ဦးရှိပြီး လေးဦးသေဆုံးခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။

ယင်းမှတ်တမ်းအရ နှစ်လအတွင်း လမ်း၊ အဆောက်အအုံနှင့် ယာဉ်များ မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းဖြစ်စဉ် ငါးကြိမ်၊ လက်ပစ်ဗုံးနှင့် မိုင်းတွေ့ရှိမှုဖြစ်စဉ်  လေးကြိမ်၊ ပြည်သူမိုင်းနင်းမှုဖြစ်စဉ် ၃၂ ကြိမ် တွင် ၃၃ ဦး ဒဏ်ရာရရှိပြီး လေးဦးသေဆုံးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်အများစုမှာ တနိုင်းမြို့နယ်၊ ဖားကန့်မြို့နယ်၊ မိုးကောင်းမြို့နယ်၊ ၀ိုင်းမော်မြို့နယ်၊ မိုးညှင်းမြို့နယ်၊ မန်စီမြို့နယ်တို့တွင် အများဆုံးဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်ရဲတပ်ဖွဲ့ အဆင့်မြင့် အရာရှိတစ်ဦးက “မှတ်တမ်းအရတော့ တိုက်ပွဲတွေဖြစ်တဲ့ တနိုင်း၊ အစပ်ဖြစ်တဲ့ဖားကန့် မြို့နယ်ထဲ နောက်ပြီး မိုးကောင်းဘက်ပေါ့။ အများဆုံးဖြစ်နေတာ။ ကျန်တာက တစ်ခုစ နှစ်ခုစပါပဲ။ ဆက်တိုက်ကတော့ တနိုင်းအများဆုံးပဲ” ဟု ပြောကြားသည်။

၂၀၁၇ ခုနှစ်အတွင်း ကချင်ပြည်နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် ၂၁ ဦးသေဆုံးပြီး ၈၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့ရုံးမှတ်တမ်းများ၊ သတင်းဌာန မှတ်တမ်းများအရ သိရသည်။

ကချင်ပြည်နယ်တွင် ၂၀၁၅ ခုနှစ်တွင် လစဉ် မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၁၁ ဦး၊ ဒဏ်ရာရသူ ၆၂ ဦးရှိခဲ့သည်။ ၂၀၁၆ ခုနှစ်အတွင်း လစဉ် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှု ဖြစ်ပွားပြီး ၁၂ ဦးသေဆုံးကာ ၅၂ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ရဲစခန်းမှတ်တမ်းများအရ သိရသည်။

March 9, 2018














Copy Protected by Chetan's WP-Copyprotect.