ဦးကိုနီအား ကြည်လင်းက နောက်မှ သေနတ်ဖြင့်ပစ်ခတ် ချိန်ရွယ်နေသည်ကို ရိုက်ကူးထားသည့် ဓာတ်ပုံအရ နောက်ကွယ်မှ တစ်စုံတစ်ယောက် သို့မဟုတ် အဖွဲ့အစည်း ရှိနေသည်ဟု တရားလို၏ရှေ့နေ ပြောကြား

ဦးကိုနီအား ကြည်လင်းက နောက်မှ သေနတ်ဖြင့်ပစ်ခတ် ချိန်ရွယ်နေသည်ကို ရိုက်ကူးထားသည့် ဓာတ်ပုံအရ နောက်ကွယ်မှ တစ်စုံတစ်ယောက် သို့မဟုတ် အဖွဲ့အစည်း ရှိနေသည်ဟု တရားလို၏ရှေ့နေ ပြောကြား
Published 10 March 2018

ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်၍ စွဲချက်တင်ခံထားရသူများကို ရုံးထုတ်လာစဉ်

ဦးကိုနီအား ကြည်လင်းက နောက်မှ သေနတ်ဖြင့် ပစ်ခတ်ချိန်ရွယ်နေသည်ကို ရိုက်ကူးထားသည့်ဓာတ်ပုံအရ နောက်ကွယ်မှ တစ်စုံတစ်ယောက် သို့မဟုတ် အဖွဲ့အစည်း ရှိနေသည်ဟု တရားလို၏ရှေ့နေ ပြောကြားသည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းက ဦးကိုနီလုပ်ကြံခံရပြီးနောက် ဦးကိုနီကို ကြည်လင်းက နောက်မှ သေနတ်ဖြင့် ပစ်ခတ်ရန် ချိန်ရွယ်နေသည်ကို ရိုက်ကူးထား သည့် ဓာတ်ပုံတစ်ပုံ ထွက်ပေါ်လာခဲ့သည်။ လက်ရှိတွင် အဆိုပါ ဓာတ်ပုံအပြင် အများသူငါ ဝင်ထွက်သွားလာ၍ မရသည့် လေဆိပ်ပထမထပ်မှ ရိုက်ကူးထားသည့် ဗီဒီယို ဓာတ်ပုံများ ရှိနေသေးကြောင်း တရားလိုဘက်မှ ရှေ့နေတစ်ဦးဖြစ်သူ ဦးခင်မောင်ဌေး (တရားလွှတ်တော်ရှေ့နေ) က ပြောကြားသည်။

“ကြည်လင်းကတော့ အခုပြစ်မှုကျူးလွန်တဲ့သူထဲမှာ ပါနေပြီ။ သို့သော် ကြည်လင်းနဲ့အတူပါသည့် အဖွဲ့အစည်းတွေသည် အခုစွပ်စွဲခံနေရတဲ့လူတွေ မဟုတ်သေးဘူး။ နောက်ထပ် အဖွဲ့အစည်းတစ်ခု ရှိသေးတယ်။ အဲဒီလူတွေဟာ ကြည်လင်းက လုပ်ကြံသတ်ဖြတ်မှုမစခင် ကြည်လင်းက လုပ်ကြံသတ်ဖြတ်တော့မယ်ဆိုတာ သိနေတယ်။ အဲဒီလိုလုပ်ကြံ သတ်ဖြတ်တော့မယ် အနေအထားကို တကယ်လုပ်ရဲ့လားလို့ ကွန်ဖမ်းလုပ်တဲ့အနေနဲ့ ဗီဒီယိုရိုက်ထားတယ်။ အဲဒီဗီဒီယိုရိုက်တဲ့ နေရာသည် အများသူငါ ဝင်ထွက်သွားလာလို့မရတဲ့ လေဆိပ်ရဲ့ တာဝန်ရှိသူတွေပဲ သုံးနေလို့ရတဲ့ အခန်းထဲကနေ ရိုက်တယ်ဆိုတဲ့ အကြောင်းကို ပြောနေတာဟာ ဖြစ်နေတဲ့ အဖြစ်အပျက်ကို ကြည်လင်းကတော့ သိတယ်။ ကြည်လင်းက အခုချိန်ကြမှ ပြောလာလို့ ခုချိန်ကျမှ တရားခံရှေ့နေတွေ က ဖော်ထုတ်နေတာလား။ နောက်တစ်ခုက ဒီဗီဒီယိုဓာတ်ပုံနဲ့ ပတ်သက်ပြီးတော့ ရဲတပ်ဖွဲ့က သက်သေခံတင်လာတဲ့ အခါကျတော့ ကြည်လင်းတို့ကို စွဲချက်မတင်ခင်ကတည်း ကိုက ဓာတ်ပုံကို ရလာကတည်းကိုက အများသူငါ ဝင်ထွက်သွားလာလို့ မရတဲ့ နေရာကနေပြီးတော့ ဗီဒီယိုဆင်ပြီး ရိုက်ထားတာ။ ဖြစ်မယ်ဆိုတဲ့ အကြောင်းအရင်းကို အဲဒီအဖွဲ့အစည်းတွေက မဖြစ်ခင်ကတည်းက သိနေပြီ။ ဒါကြောင့် ဗီဒီယိုရိုက်ထားတာလေ။ အဲဒီလို ရိုက်ထားတာကို ရဲကဗီဒီယိုနဲ့တကွ သက်သေခံချက်ရနေပေမဲ့ တရားစွဲတင်မယ့်ထဲမှာ မပါဘူး ဆိုတာဟာ ဘာကြောင့်လဲ။ ဒါကတော့ စဉ်းစားစရာအကြောင်း တစ်ခုပေါ့ဗျာ။ မဖြစ်ခင်ကတည်းကကိုက ဖြစ်တော့မယ်ဆိုတာ သိနေတဲ့ အဖွဲ့သည် ဗီဒီယိုဆင်ပြီး ရိုက်နေတဲ့အတွက် နောက်တစ်ဖွဲ့ဟာ ဦးကိုနီလုပ်ကြံခံရတဲ့ အချိန်တုန်းက လေဆိပ်ရဲ့ပထမထပ် အများပြည်သူ ဝင်ထွက်သွားလာလို့ မရတဲ့ အခန်းထဲမှာ ရှိနေသေးတယ်ဆိုတဲ့ အကြောင်းကတော့ တရားခံရဲ့ရှေ့နေ မေးမြန်းချက်အရတော့ ကျွန်တော်တို့က မြင်နေရတာပေါ့ဗျာ။ ခင်ဗျားတို့လည်း စဖြစ်ဖြစ်ချင်းတုန်းက မြင်တယ်လေ။ ဦးကိုနီကို သေနတ်နဲ့နောက်က ချိန်နေတဲ့ပုံ။ ဒါဆိုရင် မဖြစ်ခင်တုန်းက ချိန်နေတဲ့ပုံ။ မပစ်ခင်တုန်းက ပစ်တော့မယ် ဆိုတာကို မြင်နေတဲ့ အကြောင်းအရာ တစ်ခုက ရှိနေပြီ အဲဒီပုံဟာ ဒါတစ်နေရာက ရိုက်တာ။ နောက်ထပ် ဒီရဲ့ ဆန့်ကျင်ဘက် နောက်တစ်နေရာကနေပြီးတော့ လေဆိပ်ပထမထပ်ကနေ ရိုက်နေတဲ့ပုံတွေ ရှိနေသေးတယ်။ အခုသက်သေခံသွင်းတဲ့ထဲမှာ ပါလာပြီ။ လေဆိပ်အပေါ်ထပ်မှာရှိတဲ့ အဖွဲ့အစည်းသည် ကြည်လင်းနဲ့ ဘယ်လိုပတ်သက်နေသလဲ” ဟု တရားလိုဘက်မှ ရှေ့နေတစ်ဦးဖြစ်သည့် ဦးခင်မောင်ဌေးက မီဒီယာများကို ပြောကြားသည်။

ထိုသို့ အမှုစစ်တရားရုံးသို့ တင်ပြထားသည့် သက်သေခံအရာများထဲတွင် တရားလိုဘက်မှရှေ့နေ ပြောသကဲ့သို့ ကြည်လင်းက ဦးကိုနီကို လုပ်ကြံနေသည့် (စီစီတီဗွီမှတ်တမ်း မဟုတ်သည့်) ဗီဒီယိုများမှာ မပါဝင်ကြောင်း စွပ်စွဲခံရသူများဘက်မှ ရှေ့နေဦးကျော်ကျော်ထိုက်က ပြောကြားသည်။

ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်၍ စွဲချက်တင်ခံထားရသည့် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့ကို မတ် ၉ ရက်က မြောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။

“ဒီသေနတ်နဲ့ချိန်တယ် ဆိုတာဟာ ခင်ဗျားတို့ စဉ်းစားကြည့်။ မည်သူမဆို သေနတ်သံကြားမှသာ  ဒုန်းဒိုင်းပစ်ပြီဟေ့ဆိုပြီး မြင်တာ။ အဲဒီအချိန်မှာဆိုရင် သေနတ်က ရိုက်လို့မမီတော့ဘူးလေ။ သေနတ်သံကြားရင် လဲသွားပြီ။ ဘယ်လိုလုပ်ချိန်တဲ့ ပုံပေါ်မှာလဲ။ ချိန်တဲ့ပုံရတာသည် အကြောင်းရှိတယ်လို့ ကျွန်တော်တို့ တွက်တယ်။ ကြိုတင်ပြီးတော့ မပစ်ခင်တည်းက ကြည်လင်းနောက်က တစ်ယောက်ယောက်က စောင့်ကြည့်နေပြီးတော့ ဓာတ်ပုံရိုက်တယ်။ အဲဒီဓာတ်ပုံကို ဘယ်ကနေရပြီး ဘယ်လိုတင်တယ် ဆိုတာကို ကျွန်တော်တို့က စီအိုင်ဒီက အမှုစစ်အရာရှိဆီကို မေးရမှာ။ သက်သေခံအဖြစ် ရုံးကလက်ခံထားတယ်” စွပ်စွဲခံရသူများဘက်မှရှေ့နေ ဦးအောင်ခိုင်က ဆိုသည်။

 

Most Read

Most Recent