၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးတွင် တောရိုင်းတိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းဖမ်းဆီးရမိမှု လေးမှုရှိခဲ့

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးတွင် တောရိုင်းတိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းဖမ်းဆီးရမိမှု လေးမှုရှိခဲ့
Published 10 March 2018

မန္တလေး-မူဆယ် လမ်းကြောင်းမှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ တရားမဝင်တိရစ္ဆာန် နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများတင်ပို့ရောင်းချမှုရှိနေရာတွင် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးတွင် တောရိုင်းတိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းဖမ်းဆီးရမိမှု လေးမှုရှိခဲ့ကြောင်း တိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ သိရသည်။

မန္တလေး-မူဆယ် လမ်းကြောင်းတစ်လျှောက် တရားမဝင်တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ တင်ပို့ရောင်းချမှု လျော့ကျရန်အတွက် သစ်တောဦးစီးဌာနနှင့် သားငှက် ထိန်းသိမ်းရေးအဖွဲ့တို့ပူးပေါင်းကာ နှစ်နှစ်စီမံကိန်းအဖြစ် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်မှ စတင်ဆောင်ရွက်လျက်ရှိနေရာတွင် စောင့်ကြည့်စစ်ဆေးမှုများ ပိုမိုလုပ်ကိုင်နိုင်ခဲ့သည့် အတွက် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း တရားမဝင် တင်ပို့ရောင်းချသော လိပ်ခွံ၊ ဆင်သားရေချပ်၊ သင်းခွေချပ်အရှင်၊ ရေလိပ်အရှင်၊ သမင်ချိုအပိုင်းအစ၊ ဆင်သားရေခြောက်နှင့် မြွေတင်ပို့မှုများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“တစ်နှစ်တာအတွင်း ဖမ်းဆီးရမိမှုက ၂၀၁၆ ခုနှစ်အတွင်း သုံးကြိမ်နဲ့ ၂၀၁၇ အတွင်းမှာ တစ်ကြိမ်ဖမ်းဆီးရမိခဲ့ပါတယ်။ လမ်းကြောင်းတစ်လျှောက် စောင့်ကြည့်မှုအနေနဲ့ စစ်ဆေးရေးဂိတ်တွေမှာ ပူးပေါင်းအဖွဲ့တွေနဲ့ စောင့်ကြည့်ခြင်းတွေလုပ်သလို ပြီးခဲ့တဲ့နှစ်ပိုင်းကစပြီး WCS နဲ့ပေါင်းပြီး သင်တန်းတွေပို့ ချသလို၊ ပိုစတာကမ်ပိန်းသဘောမျိုး မရောင်းချဖို့ နှိုးဆော်တယ်။ ဖမ်းဆီးရမိတဲ့အခါမှာလည်း မြွေဆို အဆိပ်ရှိမြွေ နဲ့ အဆိပ်မရှိမြွေ ဆိုပြီး နှစ်မျိုးခွဲပြီးတော့ အဆိပ်ရှိမြွေဆိုရင် ဖြေဆေးထုတ်ဖို့ ဆေးဝါးထုတ်လုပ်တဲ့ စက်ရုံ ကိုလွှဲပေးရတယ်။ အဆိပ်မရှိမြွေတွေကိုတော့ သဘာဝတောတွေမှာ ပြန်လွှတ်ပေးတယ်။ ကျန်တဲ့ လိပ်တို့ဘာတို့ဆိုရင် အရှင်မိရင် WCS နဲ့ပေါင်းပြီး ဆေးကုသမှုတွေပြုလုပ်ပြီးမှ ပြန်လွှတ်ပေးတယ်။ မျိုးသုဉ်းဖို့ အန္တရာယ်နီးပြီး လုံးဝကာကွယ်ထားတဲ့ တိရစ္ဆာန်အစိတ် အပိုင်းတွေဖမ်းဆီးရမိရင်တော့ အခုနောက်ပိုင်းမှာ မီးရှို့ဖျက်ဆီးတာတွေမလုပ်ဘဲ ရုံးချုပ်ကိုပေးအပ်ပြီး ထိန်းသိမ်းရတယ်”  ဟု မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ပြောကြားသည်။

ဖမ်းဆီးရမိသည့်အမှုများအရ တရုတ် ပြည်ဈေးကွက်သို့ တင်ပို့ရောင်းချခြင်းဖြစ်ပြီး  မြွေ တင်ပို့ရောင်းချမှုအများဆုံးဖြစ်ကာ ပြည်ပ ဈေးကွက်တွင် စားသုံးရန်နှင့် ဆေးဖော်စပ်ရန်အတွက်အသုံးပြုမှုများပြီး ယခုနောက်ပိုင်းတွင် ဆင်သားရေချပ် တင်ပို့မှုမှာလည်း များပြားလာကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ထံမှ သိရသည်။ေ

တောရိုင်းတိရစ္ဆာန်ရောင်းဝယ်ဖောက်ကားမှု တားဆီးရေးလုပ်ငန်းအား မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသည်။

၂၀၁၀ ပြည့်နှစ်မှ ၂၀၁၇ ခုနှစ်အတွင်း တောရိုင်းတိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း တရားမဝင်တင်ပို့ရောင်းချမှုများအား စာရင်းကောက်ယူရရှိသည့် မှတ်တမ်းများအရ ရှမ်း ပြည်နယ်မှာအများဆုံးဖြစ်ပြီး တောရိုင်းတိရစ္ဆာန်အမှုပေါင်း ၅၄ မှုနှင့် အပင်အမှုပေါင်း ၁၅ မှု စုစုပေါင်း ၆၉ မှုရှိခဲ့ကာ ရခိုင်ပြည်နယ်တွင် ၁၂ မှု၊ ကချင်ပြည်နယ်တွင် ခြောက်မှု၊ ကယားပြည်နယ်တွင် တစ်မှု၊ မွန် ပြည်နယ်တွင် နှစ်မှု၊ ကရင်ပြည်နယ်တွင် လေးမှု၊ ချင်းပြည်နယ်တွင် ၁၄ မှု၊ ရန်ကုန်တိုင်း ဒေသကြီးတွင် ၁၂ မှု၊ ပဲခူးတိုင်းဒေသကြီးတွင် ၂၅ မှု၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၁၃ မှု၊ မကွေးတိုင်းဒေသကြီးတွင် ငါးမှုနှင့် မန္တလေးတိုင်းဒေသကြီးတွင် တောရိုင်းတိရစ္ဆာန်ရောင်းဝယ်မှုနဲ့ပတ်သက်၍ ၁၃ မှု၊ အပင်ရောင်းဝယ် ဖောက်ကားမှုနှင့်ပတ်သက်၍ ကိုးမှု စုစုပေါင်း ၂၂ မှု၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၉ မှုနှင့် နေပြည်တော်ကောင်စီတွင် ခြောက်မှု ရှိခဲ့ကြောင်း၊ ခုနစ်နှစ်တာကာလအတွင်း အမှု ၂၅၃ မှုရှိကြောင်း သိရသည်။

Most Read

Most Recent