မြဝတီမြို့တွင် သတို့သမီးဝတ်စုံ ဝတ်ထားသည့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး ဆွဲကြိုးချသေဆုံးမှု ဖြစ်ပွား

မြဝတီမြို့တွင် သတို့သမီးဝတ်စုံ ဝတ်ထားသည့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး ဆွဲကြိုးချသေဆုံးမှု ဖြစ်ပွား
Published 10 March 2018

မြဝတီမြို့ အမှတ် (၃) ရပ်ကွက် ဗိုလ်လကျ်ာလမ်း ဒေါ်မိငွေ၏ နေအိမ်တန်းလျား၊ အခန်း (၂) တွင် မတ် ၉ ရက် နံနက် ၆ နာရီခန့်က အသက် ၄၀ အရွယ်ရှိ အမျိုးသမီးတစ်ဦး ဆွဲကြိုးချ သေဆုံးခဲ့ကြောင်း သိရသည်။

မြဝတီမြို့မရဲစခန်း၌ ဒုရဲအုပ်မင်းမင်းထွန်း တာဝန်မှူးတာဝန် ထမ်းဆောင်နေစဉ် အမှတ် (၃) ရပ်ကွက် ဗိုလ်လကျ်ာလမ်းတွင် အမျိုးသမီးတစ်ဦး ဆွဲကြိုးချ သေဆုံးနေကြောင်း သတင်းအရ စခန်းမှူး ဒုရဲမှူးမင်းကို၊ နယ်ထိန်း ရဲတပ်ဖွဲ့ဝင်များ သက်သေအမှတ် (၃) ရပ်ကွက်၊ ရာအိမ်မှူးများနှင့်အတူ သွားရောက်စစ်ဆေးရာ ဆွဲကြိုးချသေဆုံးနေသူမှာ ဒေါ်အေးသိန်း (၄၀ နှစ်) ဒေါ်မိငွေ နေအိမ်တန်းလျား နေထိုင်သူဖြစ်ကြောင်း၊ သေဆုံးသူသည် မင်္ဂလာသတို့သမီးဝတ်စုံကို ဝတ်ဆင်ထားကြောင်းလည်း သိရသည်။

အခင်းဖြစ်ရပ်အား စခန်းမှူးနှင့် အဖွဲ့မှ စစ်ဆေးရာ ဆွဲကြိုးချသေဆုံးသူမှာ နေအိမ်တန်းလျားအပေါ်ထပ် အမြင့် ၁၂ ပေခန့်ရှိ ထုတ်တန်းတွင် ချီနှောင်ထားသည့် နိုင်လွန ကြိုး အစိမ်းရောင်ကို လည်ပင်းတွင် နှစ်ပတ်ချည်နှောင်ပြီး ခြေထောက်မှာ ကြမ်းပြင်နှင့် ထိလျက်သေဆုံးနေကြောင်း၊ လည်ပင်းတွင် ကြိုးပွန်းဒဏ်ရာမှအပ ခန္ဓာကိုယ်၌ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ တွေ့ရှိခြင်းမရှိဘဲ ဆွဲကြိုးချ  သေဆုံးနေကြောင်းသာ တွေ့ရှိ၍ မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဆွဲကြိုးချ သေဆုံးသူ ဒေါ်အေးသိန်းနှင့် ပတ်သက်၍ ၎င်းအိမ်တန်းလျား၌ ရောက်ရှိနေသော သေဆုံးသူ၏ မိတ်ဆွေဖြစ်သူ ကိုစိုင်းမင်းထိုက် (၃၆ နှစ်) မုသာရွာ၊ ခင်ဦးမြို့နယ်နေသူအား ရဲတပ်ဖွဲ့က စစ်မေးရာ ဒေါ်အေးသိန်းမှာ တန်းလျားအပေါ်ထပ်တွင် တစ်ဦးတည်းနေထိုင်ပြီး သားအိမ်ကင်ဆာဝေဒနာ ခံစားနေရသူ ဖြစ်ကြောင်း သိရသည်။

 

Most Read