မြန်မာ-ထိုင်းနယ်စပ် ဆင်းခွန်စနေဈေးတွင် မြန်မာဈေးသည်များကို ထိုင်းအာဏာပိုင်များက ရှောင်တခင် ဝင်ရောက်ဖမ်းဆီးပြီး အာမခံငွေ တောင်းယူမှုများ ရှိနေ

မြန်မာ-ထိုင်းနယ်စပ် ဆင်းခွန်စနေဈေးတွင် မြန်မာဈေးသည်များကို ထိုင်းအာဏာပိုင်များက ရှောင်တခင် ဝင်ရောက်ဖမ်းဆီးပြီး အာမခံငွေ တောင်းယူမှုများ ရှိနေ
Published 10 March 2018

မြန်မာ-ထိုင်းနယ်စပ် ဆင်းခွန်စနေဈေးကို တွေ့ရစဉ်

မြန်မာ-ထိုင်းနယ်စပ် ဆင်းခွန်စနေဈေးတွင် မြန်မာဈေးသည်များကို ထိုင်းအာဏာပိုင်များက ရှောင်တခင် ဝင်ရောက်ဖမ်းဆီးပြီး အာမခံငွေ တောင်းယူမှုများ ရှိနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြန်မာ-ထိုင်း နယ်စပ်တစ်ခုဖြစ်သော ဆင်းခွန်ဂိတ်အနီးတွင် စနေဈေး တစ်ခုရှိပြီး အပတ်စဉ် မြန်မာနိုင်ငံမှ ဒေသခံများနှင့် ထိုင်းနိုင်ငံမှ ဒေသခံများက တောင်ခြေတွင် ဒေသထွက်ကုန်များ လာရောက် ရောင်းချလေ့ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဘက်ခြမ်းတွင် ပါဝင်သည့် တောင်ခြေစနေဈေးမှာ ဒေသထွက်ကုန်များ၊ အမှတ်တရ ပစ္စည်းများဖြင့် စည်ကားသည့် ဈေးတစ်ခုဖြစ်ကာ နှစ်နိုင်ငံသားများအပြင် ကမ္ဘာလှည့် ခရီးသွားများလည်း လာရောက် လည်ပတ်လေ့ရှိကြောင်း သိရသည်။ အဆိုပါဈေးတွင် မြန်မာနိုင်ငံမှထွက်ရှိသည့် သစ်ပင်ငယ်များ၊ ပန်းပင်များ၊ ဝါး၊ သစ်သီးသစ်နှံများ၊ မြန်မာလုပ်သားများအတွက် ကုန်ခြောက်များအပြင် တောကောင်များကိုလည်း ရောင်းချလေ့ရှိကြောင်း သိရသည်။

ပုံမှန်ရောင်းချနေသည့် ကုန်စည်များ ဖြစ်သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းက စနေဈေးအတွင်း ရှောင်တခင် ဝင်ရောက်စစ်ဆေးကာ ကုန်ပစ္စည်းများကို သိမ်းယူပြီး ဈေးသည်များကို လိုက်လံဖမ်းဆီး ခဲ့ကြကြောင်း သိရသည်။

“စစ်သားနဲ့ အကောက်ခွန် တာဝန်ရှိတဲ့သူတွေ ပါလာတယ်။ မိန်းကလေးတစ်ဦးနဲ့  ယောကျ်ားလေးတစ်ဦး အရင်ဝင်လာတယ်။ ရေခဲသေတ္တာထဲမှာ အသားတွေကိုတွေ့တော့ လှမ်းဖုန်းဆက်လိုက်တယ်။ အရှေ့နားမှာ ပန်းတွေကို ဖမ်းဆီးနေတဲ့ အဖွဲ့လည်းရှိတယ်။ ဖုန်းဆက်လိုက်တော့ အဖွဲ့ပေါင်းစုံ ရောက်လာတယ်။ ရေခဲသတ္တာက ကျွန်မအပိုင်ဖြစ်နေတော့ ဖမ်းလိုက်ပါတယ်။ တာမွန်းရုံးကို ခေါ်သွားပြီး ညနေပိုင်းမှာ ဖောင်တွေဖြည့်ခိုင်းပါတယ်။ အသားရောင်းတဲ့သူတွေကို ရှာမတွေ့ဘူးဆိုရင် ဒီပစ္စည်းတွေဟာ နင့်ဟာဖြစ်သွားပြီဆိုပြီး ကျွန်မကို ဓာတ်ပုံတွေ ရိုက်ကြပါ တယ်။ စနေနဲ့ တနင်္ဂနွေနှစ်ရက်ချုပ်ထားပြီး တနင်္လာနေ့မှ ရုံးကြီးကို ခေါ်သွားကြပါတယ်” ဟု ဖမ်းဆီးခံခဲ့ရသည့် ဒေါ်ဖြူက ပြောကြားသည်။

ဆင်းခွန်စနေဈေးတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်၌ ပရာကျော့ခရိုင်မှ တာဝန်ရှိသူများက လာရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဈေးသည်အများအပြား ထွက်ပြေးခဲ့ရကြောင်း သိရသည်။

“ပထမ ဘတ်တစ်သိန်းတောင်းတယ်။ ကျွန်မကို ကူညီပေးတဲ့သူက အဲဒီဖမ်းတဲ့အဖွဲ့နဲ့ ခင်နေတယ်ဆိုတော့ ဘတ်ငါးသောင်းပဲ ယူလို့ ပြောပေးပါတယ်။ အဲဒီတော့ သူတို့ ငါးသောင်းပဲ ယူလိုက်တယ်။ ခံဝန်ရုံးကနေ တစ်သိန်း တောင်းနေတဲ့အတွက် ကျွန်မခင် ပွန်းကလည်း ဘတ်တစ်သိန်းရှာဖွေပြီး လိုက်လာရပါတယ်။ နောက်တော့ ငါးသောင်းကို ပေးလိုက်ရတယ်။ ငွေပေးလိုက်တော့ အမှုကို လျှော့လျှော့ပေါ့ပေါ့ဖြစ်အောင် ပြန်တင်ပေးမယ်လို့ ပြောပါတယ်။ အနီးနားမှာ ဈေးရောင်းနေကြတဲ့ ထိုင်းတွေကတော့ ပြောပါတယ်။ ဒီပိုက်ဆံကို ပေးစရာမလိုဘူးပေါ့။ ရုံးတင်ထားတဲ့အတွက် ပေးလိုက်တဲ့ငွေလည်း ဆုံးသွားပြီလို့ ပြောကြပါတယ်။ ထိုင်းရဲတွေကတော့ ပြောတယ်။ ဒီအသားရောင်းတဲ့ကိစ္စက Facebook လည်းတင်လိုက်ပြီ။ အထက်ကလည်း သိသွားပြီ။ ဒီဆိုင်မှာလည်း ရောင်းလို့လည်း မရတော့ဘူး။ တနင်္ဂနွေ နှစ်ပတ်အချိန်ပေးမယ် အပြီးပြောင်းပါ။ လာကြည့်လို့ ပစ္စည်းတွေ ရှိနေရင် အကုန်သိမ်းမယ်လို့ ပြောပါတယ်” ဟု ဒေါ်ဖြူက ပြောကြားသည်။

မြန်မာ-ထိုင်းနယ်စပ်ရှိ ဆင်းခွန်စနေဈေးတွင် မြန်မာဈေးသည်များအတွက် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများမှာ ဈေးရောင်းချရန် နေရာစီစဉ်ပေးထားပြီး ဆိုင်ခန်းခများကို ကောက်ခံခြင်း မရှိကြောင်း သိရသည်။

သို့ရာတွင် မည်သည့်ပစ္စည်းများကို ရောင်းချခွင့်မပြုပါဟု စာထုတ်ပြန်ထားခြင်း မရှိဘဲ ဒေသခံများက သစ်ပင်ပန်းပွင့်များ၊ တောကောင်များကို လာရောက် ရောင်းချလေ့ရှိကြောင်း၊ ထိုင်းနိုင်ငံမှ ရောင်းချခွင့်မပြုသော ကုန်စည်များကို တိကျစွာ ထုတ်ပြန်ပေးထားမှ ဒေသခံများအတွက် သင့်တော်မည် ဖြစ်ကြောင်း မောတောင်မြို့တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

မြန်မာ-ထိုင်းနယ်စပ် မောတောင်မြို့တွင် နယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခု ဖွင့်လှစ်ထားပြီး ဆင်းခွန်အထူး ယာယီနယ်စပ်ဂိတ်နှင့် ကုန်သွယ်မှုများ ပြုလုပ်နေကြောင်း သိရသည်။

 

Most Read

Most Recent