မြင်းခြံနှင့် ကျောက်ဆည်ဒေသတွင် ရွှေစီမံကိန်းမှ သဘာဝဓာတ်ငွေ့များအသုံးပြု၍ ကာလတိုအစီအစဉ်ဖြင့် လျှပ်စစ်ဓာတ်အား ငါးနှစ်စာဝယ်ယူရန်အတွက် နိုင်ငံတကာတင်ဒါခေါ်ယူထားရာ ကုမ္ပဏီခုနစ်ခုက အဆိုပြုလွှာများတင်သွင်း

မြင်းခြံနှင့် ကျောက်ဆည်ဒေသတွင် ရွှေစီမံကိန်းမှ သဘာဝဓာတ်ငွေ့များအသုံးပြု၍ ကာလတိုအစီအစဉ်ဖြင့် လျှပ်စစ်ဓာတ်အား ငါးနှစ်စာဝယ်ယူရန်အတွက် နိုင်ငံတကာတင်ဒါခေါ်ယူထားရာ ကုမ္ပဏီခုနစ်ခုက အဆိုပြုလွှာများတင်သွင်း
Published 9 March 2018

မန္တလေးတိုင်းဒေသကြီး မြင်းခြံနှင့် ကျောက်ဆည်ဒေသတွင် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ သဘာဝဓာတ်ငွေ့များအသုံးပြု၍ ကာလတိုအစီအစဉ်ဖြင့် လျှပ်စစ်ဓာတ်အား ငါးနှစ်စာဝယ်ယူရန်အတွက် နိုင်ငံတကာ တင်ဒါခေါ်ယူထားရာ ကုမ္ပဏီခုနစ်ခုက အဆိုပြုလွှာများ တင်သွင်းထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ Gas Engine များဖြင့် ထုတ်လုပ်မည့် ဓာတ်အားကို ငါးနှစ်စာဓာတ်အားဝယ်ယူမှု သဘောတူစာချုပ်ဖြင့် ဝယ်ယူနိုင်ရန် အတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းမှ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် နိုင်ငံပိုင်သတင်းစာ၌ International Competitive Bidding ခေါ်ဆိုခဲ့ပြီး မြင်းခြံသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းအတွက် ကုမ္ပဏီ ၃၈ ခုနှင့် ကျောက်ဆည် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းအတွက် ကုမ္ပဏီ ၃၄ ခုက တင်ဒါဖောင်များ ဝယ်ယူခဲ့ခြင်းဖြစ်သည်။

အဆိုပါတင်ဒါများ၏ တင်ဒါအဆိုပြုလွှာ တင်သွင်းခြင်း အခမ်းအနားကို ၂၀၁၈ ခုနှစ် မတ် ၆ ရက် မွန်းလွဲ ၂ နာရီတွင် လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ ပြုလုပ်ခဲ့ပြီး တင်ဒါဖောင်ဝယ်ယူထားသည့် ကုမ္ပဏီများအနက် မြင်းခြံသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းအတွက် ကုမ္ပဏီသုံးခုနှင့် ကျောက်ဆည်သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းအတွက် ကုမ္ပဏီလေးခုက အဆိုပြုလွှာများတင်သွင်းခဲ့ကြောင်း သိရသည်။

သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ စီမံကိန်းအလိုက် တင်ဒါအဆိုပြုလွှာများ တင်သွင်းခဲ့ကြသည့်ကုမ္ပဏီများမှာ မြင်းခြံ ဒေသတွင် တည်ဆောက်မည့်စီမံကိန်းတွင် NHC Consortium Co.,Ltd၊ VPOWER Holdings Co.,Ltd၊ Agreeko International Projects Ltd တို့ အဆိုလွှာတင်သွင်းခဲ့ကြပြီး ကျောက်ဆည်ဒေသတွင်တည်ဆောက်မည့်စီမံကိန်းတွင် NHC Consortium Co.,Ltd၊ VPOWER Holdings Co.,Ltd၊ PT Bima Golden Powerindo Co.,Ltd ၊Agreeko International Projects Ltd တို့ အဆိုပြုလွှာ တင်သွင်းခဲ့ကြကာ တင်ဒါအောင်မြင်သူအား ဆက်လက်ရွေးချယ်မည်ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်ခဲ့သည်။

လက်ရှိမြန်မာနိုင်ငံ၏ အမြင့်ဆုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု မဂ္ဂါဝပ် ၃၂၀၀ ဝန်းကျင်ရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီးတွင် မဂ္ဂါဝပ် ၁၃၅၀ ကျော်၊ မန္တလေးတိုင်းဒေသကြီးတွင် မဂ္ဂါဝပ် ၅၅၀ ကျော်၊ အခြားဒေသများတွင် မဂ္ဂါဝပ် ၁၂၀၀ ကျော် သုံးစွဲလျက်ရှိပြီး ရန်ကုန်၊ မန္တလေးဒေသ သုံးစွဲမှု၏ ၃၅-၄၀ ရာခိုင်နှုန်း၊ အခြားဒေသသုံးစွဲမှု၏ ၂၁ ရာခိုင်နှုန်းမှာ စက်မှုလုပ်ငန်းသုံးများဖြစ်ကြောင်း သိရသည်။

လာမည့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် အမြင့်ဆုံး ဓာတ်အားလိုအပ်မှုမှာ ၅၀၉၂ မဂ္ဂါဝပ် ရှိမည်ဟု ခန့်မှန်းထားခြင်းကြောင့် ၁၉၀၃ မဂ္ဂါဝပ် ထပ်မံထုတ်လုပ်နိုင်ရန် လိုအပ်နေခြင်းဖြစ်သည်။ အဆိုပါဓာတ်အားလိုအပ်ချက်ကို ပြည့်မီစွာထုတ်လုပ်နိုင်ရေးအတွက် ရေအားလျှပ်စစ်စီမံကိန်းများ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများနှင့် နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လိုအပ်သည့်လျှပ်စစ်ဓာတ်အားများကို ဖြည့်ဆည်းနိုင်ရန် ၂၀၁၈ ခုနှစ်တွင် စက်ရုံသုံးရုံမှ ၄၃၉ မဂ္ဂါဝပ်၊ ၂၀၁၉ ခုနှစ်တွင် စက်ရုံလေးရုံမှ မဂ္ဂါဝပ် ၇၅၀၊ ၂၀၂၀ ပြည့်နှစ်တွင် စက်ရုံသုံးရုံမှ မဂ္ဂါဝပ် ၂၆၀၊ ၂၀၂၁ ခုနှစ်တွင် စက်ရုံငါးရုံမှ ၉၇၁ မဂ္ဂါဝပ်နှင့် ၂၀၂၂ ခုနှစ်တွင် စက်ရုံငါးရုံမှ ၈၉၁ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရန်စီစဉ်ထားကြောင်း သိရသည်။ အဆိုပါစက်ရုံများ၏ ဓာတ်အားထုတ်လုပ်မှုတွင် ရေအားစက်ရုံများမှ ၁၅ ရာခိုင်နှုန်း၊  HFO စက်ရုံများမှ ၁၈ ရာခိုင်နှုန်း၊ သဘာဝဓာတ် ငွေ့သုံးစက်ရုံများမှ ရာခိုင်နှုန်း ၃၀၊ LNG စက်ရုံများမှ ၃၂  ရာခိုင်နှုန်း၊ Solar စက်ရုံများမှ ငါးရာခိုင်နှုန်း ပါဝင်မည်ဖြစ်သည်။

Most Read

Most Recent