ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ လစ်လပ်စည်ပင်သာယာရေး ဝန်ကြီးနေရာအတွက် ပြည်နယ်အစိုးရအဖွဲ့မှ အဆိုပြုထားသော ဦးဝင်းမြင့်အား ကြားနာစစ်ဆေးရေးအဖွဲ့က ကြားနာရန်လိုအပ်ကြောင်း ဥပဒေအကြံပြုရေးအဖွဲ့ဝင် ပြောကြား

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ လစ်လပ်စည်ပင်သာယာရေး ဝန်ကြီးနေရာအတွက် ပြည်နယ်အစိုးရအဖွဲ့မှ အဆိုပြုထားသော ဦးဝင်းမြင့်အား ကြားနာစစ်ဆေးရေးအဖွဲ့က ကြားနာရန်လိုအပ်ကြောင်း ဥပဒေအကြံပြုရေးအဖွဲ့ဝင် ပြောကြား
Published 9 March 2018

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ လစ်လပ်စည်ပင်သာယာရေး ဝန်ကြီးနေရာအတွက် ပြည်နယ်အစိုးရအဖွဲ့မှ အဆိုပြုထားသော တောင်ကုတ်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်အား ကြားနာစစ်ဆေးရေး အဖွဲ့က ကြားနာရန်လိုအပ်ကြောင်း ဥပဒေအကြံပြုရေးအဖွဲ့ဝင်က ပြောကြားသည်။

ပြည်နယ်အစိုးရအဖွဲ့က အဆိုပြုထားသော်လည်း ဦးဝင်းမြင့်အနေဖြင့် အစိုးရအဖွဲ့သို့ တင်ပြခြင်းမဟုတ်ဘဲ ပါတီဗဟိုမှ ချမှတ်ဆောင်ရွက်စေခြင်းသာ ဖြစ်နိုင်ကြောင်းနှင့် ပါတီမှ တာဝန်အရပေးအပ်မည်ဆိုပါက တာဝန်ယူလုပ်ကိုင်ရမည်ဖြစ်ကြောင်း ဦးဝင်းမြင့်က ပြောကြားသည်။

လစ်လပ်စည်ပင်ဝန်ကြီးနေရာအတွက် လွှတ်တော်သို့ အဆိုပြုတင်ပြထားခဲ့ပြီးနောက် ကိုယ်ရေးအချက်အလက်များကိုလည်း တင်ပြခဲ့ရာ ယင်းအချက်အလက်များနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်လွှတ်တော် ဥပဒေရေးရာနှင့် အခြားကိစ္စရပ်များဆိုင်ရာ အကြံပေးအဖွဲ့ အဖွဲ့ဝင် ဦးခင်မောင်ကြီးက ပြောကြားသည်။

ယင်းနှင့်ပတ်သက်ပြီး ဦးခင်မောင်ကြီးက “စည်ပင်သာယာရေး ဝန်ကြီးနေရာအတွက် မနေ့ကစပြီး အဆိုပြုလိုက်တာပေါ့။ ဒီနေ့ မနက်ပိုင်းမှာ ဦးဝင်းမြင့်ရဲ့ ကိုယ်ရေးရာဇဝင်တွေကို ရတာပေါ့လေ။ အဲဒီမှာ ဖတ်ကြည့်တော့ သူ့ရဲ့ကိုယ်ရေးရာဇဝင်ကတော့ ရိုးရိုးလေးပါပဲ။ ပုဂ္ဂိုလ်ရေးအရတော့ ဘာမှမပြောလိုဘူး။ ပြောစရာလည်းမရှိဘူး။ ဒါပေမဲ့ သူလုပ်မယ့် စည်ပင်ဝန်ကြီးနေရာအတွက် ထဲထဲဝင်ဝင် ဘယ်လောက်အထိ သိထားသလဲ။ ပြည်သူကို ဘယ်လောက်အထိဝန်ဆောင်မှု ပေးသင့်သလဲ။ ပေးနိုင်တဲ့ အရည်အချင်း ရှိသလဲပေါ့။ သူ့ ရဲ့ Talent ပေါ့လေ။ စည်ပင်သာယာလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ ထဲထဲဝင်ဝင် မြင်ထားတဲ့ အမြင်တွေပေါ့။ မလုပ်ဖူးတော့ ပြောရမှာတော့ ခက်မှာပဲ။ ဒါပေမဲ့ အမြင်ဆိုတာတော့ ရှိရမှာပေါ့။ မြန်မာနိုင်ငံက ဆင်းရဲတဲ့ တိုင်းပြည်၊ အထူးသဖြင့် စည်ပင်သာယာရဲ့ လုပ်ငန်းဆိုတာဟာ ပြည်သူတွေနဲ့ နိစ္စဓူဝဆက်စပ်နေတယ်။ သွားရေး၊ လာရေး၊ မြို့ပြသန့်ရှင်းရေး၊ အစစအရာပေါ့လေ။ သူ့ရဲ့ အာရုံစူးစိုက်မှု၊ သူ့ရဲ့စွမ်းဆောင်ရည်၊ အခြေအနေ အနေအထားကိုတော့ ပြည်သူလူထုကို သေသေချာချာ ရှင်းပြသင့်တယ်။ အဲဒီလိုရှင်းပြတဲ့နေရာမှာ အစိုးရအဖွဲ့ရော ပြည်နယ်လွှတ်တော်ရောပေါ့။ အစိုးရအဖွဲ့က အဆိုတင်လာတဲ့အတွက် ပြည်နယ်လွှတ်တော်က အတည်ပြုခန့်ပေးရမှာ ဖြစ်တယ်။ အဲဒီတော့ ပြည်နယ်လွှတ်တော်က သူ့ရဲ့ကော်မတီတစ်ခုခုက သူ့ကို ကြားနာနိုင်တဲ့ အဆင့်တစ်ခုတော့ လွှတ်တော်မှာ အဲဒီအဆင့်တစ်ခုလုပ်ဖို့လိုတယ်။ အစိုးရအနေနဲ့လည်း သူ့ရဲ့အမြင်တွေကို ပြုစုပြီးတော့ လွှတ်တော်ကိုပေးပို့ပေးမယ်ဆိုရင် ကောင်းမယ်။ ကြားနာပြီးမှ ခန့်အပ်တာကတော့ ပြည်သူတွေအတွက် ပိုပြီးအကျိုးရှိမယ်လို့ မြင်ပါတယ်။ တွေးမိတယ်။ အဲဒါကြောင့် ဘယ်ဝန်ကြီးဌာနပဲဖြစ်ဖြစ် ခန့်တယ်ဆိုရင် သူတာဝန်ယူရမယ့် အပိုင်းတွေနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ လေ့လာနိုင်အောင်၊ လုပ်ငန်းအပေါ်မှာ အာရုံစူးစိုက်နိုင်မှု၊ ထိုးထွင်းသိမြင်နိုင်မှုတွေကို အစိုးရအဖွဲ့က ဖော်ပြပေးသင့်တယ်လို့ အကြံပေးချင်ပါတယ်။ ဒါမှမဟုတ်ရင် ကြားနာမှုတွေ လုပ်သင့်တယ်လို့မြင်တယ်။ ဒါမှသာ ပြည်သူအတွက်အကျိုးရှိမယ်။ လွှတ်တော်အတွက်လည်း တာဝန်ကျေမယ်” ဟု ပြောကြားသည်။

လက်ရှိအနေအထားအရ ခေတ်သစ်နိုင်ငံများ၏ လွှတ်တော်များတွင် ထိုသို့ လုပ်ဆောင်ခြင်းများ မတွေ့ရသော်လည်း အမေရိကန်နိုင်ငံ၊ အင်္ဂလန်လွှတ်တော်များတွင် ဝန်ကြီးနေရာများနှင့် အခြားသော တာဝန်ကြီးတစ်ခုကို ပေးမည်ဆိုပါက လွှတ်တော်တွင် လာရောက်ကြားနာခိုင်းစေမှုများ ရှိနေကြောင်း၊ ကြားနာရမည့် တာဝန်များမှာလည်း လွှတ်တော်တွင်ရှိနေကြောင်း၊ ယင်းအချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များက အကဲခတ်ပြီး ၎င်းကို ထောက်ခံသင့်၊ ကန့်ကွက်သင့်သည်များကို လွှတ်တော်သို့တင်ပြဆွေးနွေးပြီးမှ ပြည်သူအတွက် အမှန်တကယ် အကျိုးရှိသော ဝန်ကြီးဖြစ်လာအောင်၊ အကျိုးရှိသည့် အစိုးရအဖွဲ့ဖြစ်လာရန် လုပ်ပေးဖို့ လိုအပ်နေကြောင်း၊ သို့သော်လည်း ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ လွှတ်တော်တို့တင်ပြထားခြင်း မရှိသေးကြောင်း ဦးခင်မောင်ကြီးက ပြောကြားသည်။

မတ် ၇ ရက်က ကျင်းပသော ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်၊ သတ္တမပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က အဆိုပြုထားခြင်းဖြစ်ပြီး ကန့်ကွက်လိုသူများ ရှိပါက မတ် ၉ ရက် နောက်ဆုံးထားပြီး အမည်စာရင်းတင်သွင်းရန် လွှတ်တော်က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent