ဦးကိုနီလုပ်ကြံခံရမှုတွင် သေဒဏ်ကျခံရနိုင်သည့် ပုဒ်မများအပါအဝင် ပုဒ်မအသီးသီးဖြင့် စွဲချက်တင်ခံထားရသူများက စွဲချက်အမိန့်ကိုမကျေနပ်သဖြင့် တိုင်းတရားလွှတ်တော်သို့ ပြင်ဆင်မှုတက်ထားခြင်းကို လက်ခံသင့် မသင့် မတ် ၁၆ ရက်နှင့် ၁၉ ရက်တွင် ကြားနာမည်

ဦးကိုနီလုပ်ကြံခံရမှုတွင် သေဒဏ်ကျခံရနိုင်သည့် ပုဒ်မများအပါအဝင် ပုဒ်မအသီးသီးဖြင့် စွဲချက်တင်ခံထားရသူများက စွဲချက်အမိန့်ကိုမကျေနပ်သဖြင့် တိုင်းတရားလွှတ်တော်သို့ ပြင်ဆင်မှုတက်ထားခြင်းကို လက်ခံသင့် မသင့် မတ် ၁၆ ရက်နှင့် ၁၉ ရက်တွင် ကြားနာမည်
Published 9 March 2018

ဦးကိုနီလုပ်ကြံခံရမှုမှ တရားစွဲခံထားရသူများကို ရုံးထုတ်လာစဉ်

ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ်သက်၍ သေဒဏ်ကျခံရနိုင်သည့် ပုဒ်မများအပါအဝင် ပုဒ်မအသီးသီးဖြင့် စွဲချက်တင်ခံထားရသူများက စွဲချက်အမိန့်ကို မကျေနပ်သဖြင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ ပြင်ဆင်မှုတက်ထားခြင်းကို လက်ခံသင့်၊ မသင့် မတ် ၁၆ ရက်နှင့် ၁၉ ရက်တို့တွင် ကြားနာမည်ဖြစ်ကြောင်း တရားလိုဘက်မှ ရှေ့နေတစ်ဦးဖြစ်သူ ဦးရောဘတ်စန်းအောင် (တရားလွှတ် တော်ရှေ့နေ) ၏ ပြောကြားချက်အရ သိရသည်။

စွဲချက်တင်ခံထားရသူများဖြစ်သည့် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက မတ် ၈ ရက်တွင် ရုံးထုတ်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

“စွပ်စွဲခံရသူတွေဘက်က တိုင်းကို တက်ထားတာလည်း ရှိတယ်လေ။ ၁၆ ရက်နဲ့ ၁၉ ရက် နှစ်ရက်ပေါ့။ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ လက်ခံရေးကို ကြားနာမှာ” ဟု ဦးရောဘတ်စန်းအောင်က ပြောကြားသည်။

အလားတူ တရားလိုဘက်မှလည်း စွဲတင်ထားသည့် အမိန့်နှင့်ပတ်သက်၍ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် ရာဇဝတ်ပြင်ဆင်မှု တက်ထားကြောင်း ဦးရောဘတ်စန်းအောင်က ပြောကြားသည်။

“လိုအပ်ချက်လေးတွေ ရှိတယ်လို့မြင်လို့ တက်တာပါ။ ဘယ်လို လိုအပ်ချက်ဆိုတာတော့ ပြောလို့မကောင်းသေးဘူး။ စကားဦး သန်းသလိုဖြစ်သွားမှာ” ဟု ဦးရောဘတ်စန်းအောင်က ဆက်လက်ပြောကြားသည်။

မတ် ၈ ရက်ရုံးချိန်းတွင် အမှုနှင့်ပတ်သက်၍ လေဆိပ်စီစီတီဗွီ ထိန်းချုပ်သည့် ဘက်မှ တာဝန်ရှိသူတစ်ဦးအပါအဝင် ပြန်ခေါ်သက်သေငါးဦးကို ဆက်လက်စစ်ဆေးခဲ့ကြောင်း သိရသည်။

“ဒီနေ့အခြေအနေက ငါးယောက်ခေါ်တယ်။ လိုချင်တာလေးတွေ ပြန်မေးတယ်” ဟု စွပ်စွဲခံရသူများဘက်မှ ဦးအောင်ခိုင် (တရားလွှတ်တော်ရှေ့နေ) က ပြောကြားသည်။

အမှုစစ်အထူးခရိုင်တရားရုံးမှ ချမှတ်သည့် စွဲချက်အမိန့် မကျေနပ်သဖြင့် တိုင်းတရားရုံးက ပြင်ဆင်ပေးရန် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်က လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ခုချိန်ထိလည်း ကျွန်တော်နဲ့ပတ်သက်ပြီး ဘာမှပတ်သက်တာ ထွက်ဆိုသွားတာ မရှိပါဘူးဗျာ။ ကျွန်တော်ရှေ့နေက တစ်ခုမှ တောင်ထမေးစရာမလိုဘူး။ ဘာမှလည်း မရှိဘူး” ဟု စွဲချက်တင်ခံထားရသူတစ်ဦးဖြစ်သည့် ဇေယျာဖြိုးက ရုံးချိန်းအပြီးတွင် မီဒီယာများထံသို့ ပြောကြားသည်။

Most Read

Most Recent