ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲဆိုင်ရာ òန်ကြားချက်အပေါ် ကျေနပ်မှုမရှိသဖြင့် ဟင်္သာတမြို့၌ သတင်းစာရှင်းလင်း

ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲဆိုင်ရာ òန်ကြားချက်အပေါ် ကျေနပ်မှုမရှိသဖြင့် ဟင်္သာတမြို့၌ သတင်းစာရှင်းလင်း
Published 9 March 2018

ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲဆိုင်ရာ ညွှန်ကြားချက်အပေါ် ကျေနပ်မှုမရှိသဖြင့် ဟင်္သာတမြို့၌ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲကို ဟင်္သာတမြို့ ကနောင်စုရပ်ကွက်ရှိ ဇေယျသိဒ္ဓိဓမ္မာရုံ၌ မတ် ၈ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“လုပ်ပိုင်ခွင့် အလွဲသုံးစားပြုခြင်း၊ အရှိန်အဝါကို အသုံးပြုခြင်း၊ မသမာမှုပြုခြင်းနှင့် မလျော်သြဇာသုံးခြင်းတို့ကို ရှောင်ကြဉ်ရမယ်ဆိုတဲ့ လိုက်နာရမယ့် ကျင့်ဝတ်တွေကို လက်ရှိအုပ်ချုပ်ရေးမှူးက ဖောက်ဖျက်တယ်။ ဒီဖောက်ဖျက်တဲ့ဟာတွေကို ကျွန်တော်တို့က မှတ်တမ်းမှတ်ရာတွေ အကုန်စုပြီးမြို့နယ် အုပ်ချုပ်ရေးမှူးဆီ နှစ်ကြိမ်တိုင်ကြားခဲ့တယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးက ကျွန်တော်တို့ကို ခေါ်ယူစစ်ဆေးခြင်းမရှိဘဲနဲ့ ဒီလူကို ပြန်ပြီးတော့ မဲပြန်ရွေးချယ်ပေးဖို့ ကြီးကြပ်ရေး ငါးယောက်ကို ဖိအားနဲ့ ညွှန်ကြားခဲ့တယ်။ အဲဒီလို ညွှန်ကြားခဲ့တဲ့အပေါ်မှာ ပြည်သူက မကျေနပ်လို့ အခုလိုသတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်း ဖြစ်ပါတယ်” ဟု ဒေသခံ ဦးမျိုးနိုင်က ပြောကြားသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကနောင်စု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးကိုထံမေးမြန်းရာ “ဥပဒေနဲ့ အညီဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဥပဒေနဲ့မညီတာ တစ်ခုမှမလုပ်ခဲ့ပါဘူး။ နောက်ပြီးတော့ အုပ်ချုပ်ရေးမှူးဥပဒေမှာကိုက မဲဆွယ်စည်းရုံးခွင့်မရှိရဘူးလို့ ပြဌာန်းထားတာမရှိပါဘူး” ဟု ပြောကြားသည်။

သတင်းစာရှင်းလင်းပွဲ၌ ပါဝင်သူ ကြီးကြပ်ရေးမှူးအဖွဲ့မှ ဦးသိန်းဦးက “ကျွန်တော်တို့ ရွေးချယ်ခဲ့တာအားလုံး ပီပီပြင်ပြင်နဲ့ ဥပဒေနဲ့ ငြိစွန်းတာမရှိအောင် မှန်မှန်ကန်ကန် လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီမဲရွေးချယ်ပွဲမှာ စည်းကမ်းဖောက်ဖျက်ခဲ့တဲ့သူကို မြို့နယ်ထွေအုပ်ကနေပြီးတော့ ပယ်ဖျက်မပေးဘဲနဲ့ စည်းကမ်းဥပဒေအရဆိုရင် အပြစ်ရှိတဲ့သူကို ဖယ်ပြီးတော့ အပြစ်မရှိတဲ့သူကို တင်ရမှာ ဖြစ်တယ်။ ဒါကိုမဟုတ်ဘဲနဲ့ ဒီအပြစ်ရှိတဲ့လူပါ ပြန်ထည့်ပြီးတော့ ရွေးချယ်ပွဲလုပ်ခိုင်းနေတဲ့အတွက် ဒါဟာ မျှတမှုမရှိဘူး။ ဥပဒေနဲ့ မညီညွတ်ဘူးလို့ စိတ်ထဲမှာ ထင်တယ်။ ဒါကြောင့်မို့လို့ လုံးဝပြန်လည်ရွေးချယ်ပေးခြင်း မလုပ်ပါဘူး” ဟု ပြောကြားသည်။

အဆိုပါကိစ္စရပ်များနှင့်ပတ်သက်ပြီး ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူးအား တွေ့ဆုံမေးမြန်းခဲ့ရာ မိမိအနေဖြင့် ဖိအားသုံးအတင်း အဓမ္မစေခိုင်းမှုမျိုး ပြုလုပ်ခြင်းမရှိကြောင်း ပြန်လည်ဖြေကြားသည်။

“ဒီရွေး ချယ်ပွဲရဲ့ရလဒ်ကို အတည်မပြုသင့်ဘူးဆိုပြီးတော့ ကျွန်တော့်ဆီကို အကြံပြု တင်ပြလာပါတယ်။ ဒီအကြံပြုချက်နဲ့အညီ စည်းကမ်းတကျဖြစ်အောင် ကျွန်တော်က ပြန်လည်ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ ဒီလိုလုပ် တဲ့အခါမှာလည်း ဖိအားနဲ့သုံးပြီးတော့ အတင်းအဓမ္မခိုင်းတာ မရှိပါဘူး” ဟု ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ဖြေကြားသည်။

Most Read

Most Recent