<

ကချင်ပြည်နယ်တွင် တရုတ်တစ်ရှူးငှက်ပျောစိုက်ခင်းများ တစ်ဧက တစ်နှစ် ကျပ်သိန်း ၅၀ အထက် အမြတ်ရရှိနေသော်လည်း မြေငှားရမ်းခမှာ တစ်ဧက နှစ်သိန်းအောက်သာ ရရှိနေကြောင်း သိရ

ကချင်ပြည်နယ်တွင် တရုတ်လူမျိုးများက ဌားရမ်းစိုက်ပျိုးထားသည့် ဌက်ပျောစိုက်ခင်းများကို တွေ့ရစဉ်

ကချင်ပြည်နယ် တရုတ်တစ်ရှူးငှက် ပျောစိုက်ခင်းများ တစ်ဧက ကျပ်သိန်း ၅၀ အထက် အမြတ်များရရှိနေသော်လည်း ငှားရမ်းခမှာ တစ်ဧက နှစ်သိန်းအောက်သာ ရရှိနေကြောင်း သတင်းရရှိသည်။

တစ်ရှူးငှက်ပျောခင်း လုပ်ကိုင်နေသူ ရွာသစ် ကျေးရွာသားတစ်ဦးက “ငှက်ပျောအပင် ၇၀၀၀ ကျော် ပြုစုရတယ်။လုပ်အားခ သိန်း ၅၀ ရတယ်။ ကျင်စားခေါ်တာပေါ့။ (တစ်ကျင် ၃၄ ကျပ်သားခန့်)။ ငှက်ပျောသွင်းပြီး ကျန်တာ ကိုယ့်အတွက်ပေါ့။ တရုတ်လောပန်းက တစ်ကျင် သုံးယွမ်နှုန်းနဲ့ ကျွန်တော်တို့ကို ရှင်းတယ်။ ပေါက်ဈေးက ငါးယွမ်အထက်ရှိနေတယ်။ လာအိုက ငှက်ပျောစိုက်ခင်းတွေက မြေသြဇာတွေကြောင့် ပိတ်ထားတယ်လို့ ကြားရတယ်။ အဲဒီလိုဆိုတော့ ငှက်ပျောဈေးတက်တဲ့ သဘောပေါ့။ ကျွန်တော်တို့က အခင်းအသစ်တွေ (မြေသစ်)ဆိုတော့ငါးနှစ်လောက်တော့ အောင်မြင်မယ့် သဘောရှိတယ်။ အရင်နှစ်တွေက သိန်း ၄၀ လောက်အမြတ်ရှိတယ်။ ဒီနှစ်တော့ အခင်းတိုင်း တစ်ဧက သိန်း ၅၀ အောက်ထစ်မြတ်မယ်။ တချို့လည်း သိန်း ၇၀ ကျော်မယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံနှင့် နယ်ချင်းစပ်နေသည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် မြေတစ်ဧကနီးပါး ငှားရမ်းခမှာ  ကျပ်သိန်း ၁၅ သိန်းဈေး အထိရှိနေပြီး မြစ်ကြီးနားမြို့နယ် တာလောကြီးဒေသတွင် တစ်ရှူးငှက်ပျောစိုက်ခင်းများအတွက် တစ်နှစ်ငှားရမ်းခမှာ တစ်ဧက တစ် နှစ်တစ်သိန်းနှုန်းသာ အများဆုံးဖြစ်ပြီး အသုံးပြုပြီး စိုက်ပျိုးမြေများမှာ နှစ်သိန်းအထိ ရရှိနေကြောင်း ဒေသခံရွာသားများက ပြောကြားသည်။

တာလောကြီးဒေသခံ ဦးတင်မြင့်က “အခုတော့ ငွေက အားလုံးကို နိုင်တဲ့သဘောရှိတယ်။ ဆန္ဒလည်းပြပြီးပြီ။ ဘယ်အစိုးရ ဘယ်ဝန်ကြီးမှ ကွင်းမဆင်းဘူး။ နှုတ်မိန့်နဲ့ တားတယ်လို့ ကြားတယ်။ အခုအထိက အောက်ခြေမှာ ဖြစ်ချင်သလိုဖြစ်နေတာ။ ကုမ္ပဏီက တာလောကြီးတိုက်နယ်မှာ ၁၀ ခုရှိတယ်။ တောင်သူတွေလည်း ငွေလိုတော့ တစ်ဧက တစ်သိန်းနှုန်းနဲ့ ငှားနေကြတာ။ တချို့လည်း နှစ်သိန်းရတာရှိတယ်။ ဧကထောင်ဂဏန်းတော့ ပါသွားပြီ။ အစိုးရက မဖြေရှင်းရင် ကျွန် တော်တို့ဒေသခံတွေက ဖြေရှင်းလို့ မရဘူး။ အခုတောင် မြေနှင့်ပတ်သက်ရင် ဓားဆွဲ၊ တုတ်ဆွဲဖြစ်နေကြတာ။ အခုတော့ ငွေက ကေအိုင်အေကိုလည်းနိုင်တယ်။ ရွာသားတွကိုလည်း နိုင်တယ်။ အစိုးရကိုလည်း နိုင်တယ်။ တရုတ်နိုင်ငံဘက်မှာ တစ်ဧက တစ်နှစ် ၁၅ သိန်းရှိတယ်လို့ ကြားတယ်။ ဒါတောင် ငှက်ပျော၊ ကြံမစိုက်ရဘူး။ အခုငှားသွားတာ ကလေးမုန့်ဖိုးပေးသလို လုပ်သွားကြတယ်” ဟု ပြောကြားသည်။

မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာတွင် မြေယာပြဿနာဖြစ်ပွားသည့် အိမ်ထောင်စုပေါင်း ၁၆၀ ကျော်အထိရှိနေကြောင်း ပြည်သူ့ဒီမိုကရေစီပါတီ၏ စာရင်းကောက်ယူထားချက်များအရ သိရသည်။

တာလောကြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်းထူးက “ခရိုင်ကတော့ ငှက်ပျောကုမ္ပဏီတွေကို ထပ်မံမတိုးချဲ့ဖို့ လက်မှတ်ထိုးခိုင်းတယ်။ တချို့ကုမ္ပဏီတွေက လက်မှတ်မထိုးကြဘူး။ တာလောကြီးရွာဝန်းကျင်တော့ ကုမ္ပဏီလေးခု ၀င်နေတယ်။ အားလုံးက လုပ်ငန်းအကောင်အထည် ဖော်နေကြတယ်။ တောင်သူတွေလည်း တောကြမ်းဆိုရင် တစ်သိန်း၊ မြေယဉ်ဆိုရင် နှစ်သိန်းငှားနေကြတာပါ။ ကျွန်တော်တို့လည်း ဒီအတိုင်းကြည့်နေရတယ်။ ဘာမှပြောလို့ မရဘူး။ ကုမ္ပဏီနဲ့ တောင်သူ နှစ်ဦးသဘောတူ ဖြစ်နေတာ” ဟု ပြောကြားသည်။

တရုတ်တစ်ရှူး ငှက်ပျောစိုက်ခင်းများနှင့်ပတ်သက်၍ အချက်အလက်များပြန်လည် စုစည်းနေကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးမြသိန်းက ဆိုသည်။

မြစ်ကြီးနားနှင့် ၀ိုင်းမော်မြို့နယ်မှ ဒေသခံများ တရုတ်တစ်ရှူးငှက်ပျောခင်း အလိုမရှိကြောင်း မြစ်ကြီးနားမြို့တွင် ဖေဖော်ဝါရီ ၃ ရက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဝိုင်းမော်မဲဆန္ဒနယ် အမှတ် ၂ မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနော်လီက ဆန္ဒဖော်ထုတ်မှုနှင့်ပတ်သက်ပြီး ယင်းဆန္ဒဖော်ထုတ်မှုမှာ ဒေသခံများ အမှန်တကယ်နစ်နာနေ၍ဖြစ်ကြောင်း၊ တစ်ရှူးငှက်ပျောစိုက်ခင်းများနှင့်ပတ်သက်ပြီး ယင်းကိုယ်တိုင် မည်ကဲ့သို့ စီမံခန့်ခွဲနေကြောင်း၊ တိုင်းပြည်ဘဏ္ဍာ မည်ကဲ့သို့ရရှိနေကြောင်းမှာ လွှတ်တော်တွင် မေးမြန်းခဲ့ကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့် အောက်ခြေသို့ ကွင်းဆင်းစစ်ဆေးပြီး ဒေသခံများအတွက် နစ်နာမှုများနေပါက ရပ်နားသင့်ကြောင်း၊ ပြည်သူလူထုကို ပွင့်လင်းမြင် သာစွာချပြသင့်ကြောင်း အဆိုတင်ရာ လွှတ်တော်တွင် အောင်မြင်ခဲ့ကြောင်း၊ ယနေ့အချိန်အထိ ပြည်နယ်အစိုးရမှ အောက်ခြေကွင်းစိစစ်မှု မရှိသေးကြောင်း၊ စိုက်ပျိုးမှုနှင့် ကုမ္ပဏီများ ပိုမိုများပြားလာနေကြောင်းနှင့် အထူးသဖြင့် နေရပ်စွန့်ခွာ စစ်ရှောင်ရွာများဝန်းကျင်တွင် ငှက်ပျောစိုက်ခင်းတိုးချဲ့လာမှုမှာ တစ်ပူပေါ် နှစ်ပူဆင့်အဖြစ်မျိုးနှင့် ရင်ဆိုင်လာရခြင်း ဖြစ်ကြောင်း ယင်း၏ လူမှုကွန်ရက်တွင် ဖြန့်ဝေခဲ့သည်။

တရုတ်တစ်ရှူးငှက်ပျောစိုက်ခင်းတစ် ဧကလျှင် တစ်သီးလျှင် မြန်မာကျပ်ငွေ ကျပ် သိန်း ၃၀ ကျော်အမြတ်ရှိပြီး တရုတ်နိုင်ငံမှ တစ်ဆင့် ဥရောပ၊ အမေရိကဒေသများသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် လက်ရှိတွင် စိုက် ဧကပေါင်း တစ်သိန်းကျော်အထက်ရှိနေကြောင်း ခန့်မှန်းထားကြသော်လည်း ၂၀၁၇ ခုနှစ် မေလစာရင်းအရ ဧကပေါင်း ၄၀၀၀၀ ကျော်သာ စာရင်းကောက်နိုင်သေးကြောင်း သိရသည်။ စီမံကိန်းနှင့် ဘဏ္ဍာရေးပြည် ထောင်စုဝန်ကြီး ဦးကျော်ဝင်းက တရုတ်တစ် ရှူးငှက်ပျောစိုက်ပျိုးမှုနှင့်ပတ်သက်ပြီး စာရင်း မကောက်နိုင်မှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ဌာနများကို ပြစ်တင်ဝေဖန်ခဲ့သည်။

ကေအိုင်အိုအဖွဲ့ကလည်း  တစ်ရှူးငှက် ပျောစိုက်ခင်းများ ထပ်မံတိုးချဲ့လာမှုကြောင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်း စစ်ရှောင် ကျေးရွာများ၏ မြေများ၊ ပတ်ဝန်းကျင်များကို အဓမ္မသိမ်းယူခြင်းမပြုရန် ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့သည်။

ကချင်ပြည်နယ်ရှိ တရုတ်တစ်ရှူးငှက်ပျောခင်းများနိုင်ငံနှင့် ဒေသခံပြည်သူများ နစ်နာမှုမရှိစေရေး ကြပ်မတ်စီမံဆောင်ရွက်ရေး အဆိုကို ၂၀၁၇ ခုနှစ် သြဂုတ် ၄ ရက်က ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် အဌမ ပုံမှန်အစည်းအဝေးတွင် တင်သွင်းဆုံးဖြတ်ရာ အဆိုအောင်မြင်ခဲ့သည်။ ယင်းအဆိုမှာ ကချင်ပြည်နယ်လွှတ်တော်တွင် တစ်ရှူး ငှက်ပျောခင်းများနှင့်ပတ်သက်ပြီး (၂) ကြိမ် မြောက်တင်သွင်းသည့်အဆိုဖြစ်ပြီး လက်ရှိအချိန်အထိ ဆက်လက်တိုးချဲ့စိုက်ပျိုးနေသည့် တရုတ်တစ်ရှူးငှက်ပျောခင်းကိစ္စများကို ပြည်ထောင်အစိုးရက ထိရောက်စွာ တားဆီးနိုင်ခြင်း မရှိသေးကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ထောက်ပြကြသည်။

March 8, 2018














Copy Protected by Chetan's WP-Copyprotect.