ရခိုင်ပြည်နယ်အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးများကို ထိန်းကျောင်းကြပ်မတ်ပေးရေးအဆို ပြည်နယ်လွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန် အတည်ပြု

ရခိုင်ပြည်နယ်အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးများကို ထိန်းကျောင်းကြပ်မတ်ပေးရေးအဆို ပြည်နယ်လွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန် အတည်ပြု
Published 9 March 2018

ရခိုင်ပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပနေစဉ်

ရခိုင်ပြည်နယ်အတွင်းရှိ တည်ဆောက်ရေး လုပ်ငန်းအရည်အသွေးများကို ထိန်းကျောင်းကြပ်မတ်ပေးရေးအဆိုအား ပြည်နယ်လွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန် အတည်ပြုလိုက်ကြောင်း ရခိုင်ပြည်နယ်လွှတ်တော်မှ သိရသည်။

ယင်းအဆိုအား အမ်းမြို့နယ်အမှတ်(၂) မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးက ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး တတိယနေ့တွင် တင်သွင်းခဲ့ခြင်းဖြစ်ကာ လွှတ်တော်တွင်ဆက်လက်ဆွေးနွေးရန် ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ဦးခင်မောင်ဌေးက “ဌာနဆိုင်ရာအသီးသီးတို့ရဲ့ ယခင်အစိုးရလက်ထက် ဆောင်ရွက်ခဲ့မှုတွေကိုတော့ မပြေလိုတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ တာဝန်ခံမှု၊ တာဝန်ယူမှုမရှိတဲ့အတွက် အချိန်အခါမဟုတ်ဘဲ ပျက်စီးသွားခဲ့တဲ့ အဆောက်အအုံတွေအတွက် နှမြောစရာကောင်းပါတယ်။ အဲဒီအတွက် နစ်နာဆုံးရှုံးမှုတွေလည်း ဖြစ်ပေါ်ခဲ့တယ်။ ဒါကြောင့် ဦးစီးဌာနတွေရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကိုလည်း သေချာစိစစ်ကြပ်မတ်ဆောင်ရွက်ဖို့လိုပါတယ်။ ဌာနဆိုင်ရာ လုပ်ငန်းရပ်ဖြစ်တဲ့အတွက် လူတစ်ဦးတစ်ယောက်မျှ စိတ်ဝင်စားမှု၊ အမှားကိုထောက်ပြမှု၊ စစ်ဆေးမှုတွေလည်းမရှိဘူး၊ မီဒီယာများကလည်း အာရုံစိုက်မှုမရှိခြင်း၊ ပြည်သူများသို့လည်း ပွင့်ပွင့်လင်းလင်း ချပြမှုတွေမရှိခြင်းကြောင့် လုပ်ငန်းတွေ လွယ်လင့်တကူပျက်စီးခဲ့တာတွေကို တွေ့ရှိရတဲ့အတွက် အခုလို တင်ပြရခြင်းဖြစ်ပါတယ်” ဟု ဦးခင်မောင်ဌေးက ပြောကြားသည်။

ဌာနဆိုင်ရာများမှ လုပ်ဆောင်သော ဆောက်လုပ်ရေးလုပ်ငန်းရပ်များနှင့် ပတ်သက်ပြီး နိုင်ငံတော်ဘတ်ဂျက်များစွာ ဆုံးရှုံးနေသည်ကို တွေ့မြင်နေရကြောင်းနှင့် သေချစွာ စိစစ်ရေးလုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

ယင်းအဆိုအား ထောက်ခံသူရသေ့တောင်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်က “ရခိုင်ပြည်နယ်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေကို စိစစ်ရေးအဖွဲ့တွေဖွဲ့ပြီး ဆောင်ရွက်နေတာရှိပေမဲ့ အရည်အသွေးတွေ ပိုမိုတိုးတက်ကောင်းမွန်လာတာကို မတွေ့ရှိရပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ လက်ရှိအခြေအနေမှာဆိုရင် ကျောက်တော်မြို့နယ် အပေါက်၀ ဈေးကမ်းပါးပြိုမှုဟာ အတော်ဆိုးဝါးတာကို တွေ့ရပါတယ်။ အဲဒါဟာ ၂၀၁၆-၂၀၁၇ RE ဘတ်ဂျက်နဲ့ တည်ဆောက်ခဲ့ပြီးတော့ ဒီနှစ်မှာ ပြိုကျပျက်စီးသွားတယ်ဆိုတာမျိုးဟာ အရည်အသွေးညံ့ဖျင်းလို့လား။ တွက်ချက်မှု ညံ့ဖျင်းလို့လားဆိုတာကိုလည်း စစ်ဆေးသင့်တယ်လို့ မြင်ပါတယ်” ဟု ပြောကြားသည်။

“ပြောရရင်တော့ ကိုယ်ဆင်တဲ့ဖဲ ကိုယ်ချိုးဆိုသလိုမျိုး ဖြစ်နေတဲ့အတွက် ဒီအဆိုကို တင်ရခြင်း ဖြစ်ပါတယ်။ ပြောချင်တာကတော့ ပွင့်လင်းမြင်သာမှုမရှိတာကိုပဲ ပိုပြောချင်တယ်။ ကုမ္ပဏီတွေကျတော့ အချက်အလက်ကိုပြတဲ့ ဗီနိုင်းတွေကို လုပ်ငန်းနေရာမှာ ကပ်ထားရတယ်ပေါ့။ MD ကဘယ်သူ၊ ခွင့်ပြုငွေကဘယ်လောက်၊ စတင်ချိန်၊ ပြီးဆုံးမယ့် နေ့ရက်တွေကို ကပ်ခိုင်းတာရှိတယ်။ ဒါပေမဲ့ ဌာနလုပ်ငန်းတွေကိုကျတော့ အဲဒီလိုမျိုး မတွေ့ရဘူး။ ပြည်သူတွေကလည်း ဌာနဆိုင်ရာဖြစ်တဲ့အတွက် သွားမမေးရဲဘူးပေါ့။ စိုးရိမ်တာပေါ့။ နိုင်ငံဘဏ္ဍာဖြစ်တဲ့အတွက် ပြန်ထိန်းဆိုတဲ့ဟာမျိုးမှာလည်း ဆေးလေးသုတ်လိုက်တာနဲ့ လုပ်ငန်းပြီးစီးသွားတာမျိုးတွေလည်း တွေ့ရတယ်ဆိုတော့ ဒါကလည်း နိုင်ငံ့ဘဏ္ဍာအတွက် ကြောက်စရာကောင်းတဲ့ ယိုပေါက်ကြီးတစ်ခု ဖြစ်နေတယ်လို့ မြင်ပါတယ်။ အဲဒါကြောင့် CSO တွေကရော မီဒီယာတွေကရော ဒါတွေကို အာရုံစိုက်စေချင်ပါတယ်လို့ ပြောချင်ပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် ရခိုင်ပြည်နယ်အစိုးရမှ ဖွဲ့စည်းထားသော QC အဖွဲ့အနေဖြင့် စစ်ဆေးမှုများကို သွားရောက်လုပ်ဆောင်နေသည်ကို တွေ့ရှိရသော်လည်း စာချုပ်စာတမ်းအပေါ်တွင် ပြစ်ဒဏ်ပေးခြင်း၊ အရည်အသွေးမပြည့်သည့်အတွက် ပြစ်ဒဏ်ပေးခြင်းများ၊ အမည်ပျက်စာရင်း ထုတ်ပြန်ခြင်းများကို မတွေ့ရသေးကြောင်း၊ ယင်းအတွက်လည်း စောင့်ကြည့်နေကြောင်းများကိုလည်း ဦးခင်မောင်ဌေးက ပြောကြားသည်။

Most Read

Most Recent