ပဲခူးမြို့ရှိ ဘုရင့်နောင်မင်းတရားကြီး၏ ဟံသာဝတီမြို့ရိုးနှင့် ကျုံးတို့အား ပြန်လည်တူးဖော်မည်

ပဲခူးမြို့ရှိ ဘုရင့်နောင်မင်းတရားကြီး၏ ဟံသာဝတီမြို့ရိုးနှင့် ကျုံးတို့အား ပြန်လည်တူးဖော်မည်
Published 9 March 2018

ပဲခူးမြို့ရှိ ဘုရင့်နောင်ဧကရာဇ်မင်းတရားကြီး၏ ဟံသာဝတီမြို့ဟောင်းရှိ ကျုံးနှင့် မြို့ရိုးတို့အား ပြန်လည်တူးဖော်မည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပဲခူးဌာနခွဲ) ၏တာဝန်ခံ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ပြောကြားသည်။

“တူးဖော်ဖို့ စတင်မှာက ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှာ စလုပ်မယ်။ စမလုပ်ခင်မှာလည်း ထိရောက်တဲ့ အောင်မြင်မှုတွေရရှိအောင် ကွင်းဆင်းဆောင်ရွက်တာတွေ လုပ်နေပါတယ်။ ဒီကိစ္စမှာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ကိုယ်တိုင်ကလည်း ဒုတိယမြန်မာ နိုင်ငံတော်ထီးစိုက်နန်းစိုက်ခဲ့တဲ့ ဘုရင့်နောင်မင်းတရားကြီးရဲ့ ဟံသာဝတီမြို့ဟောင်းကို ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းသင့်တယ်လို့ ပြောပါတယ်။ အရင်တုန်းက ရေကြီးရေလျှံစနစ်တွေကို ဘယ်လိုကာကွယ် လုပ်ဆောင်ခဲ့လဲ။ ဒါကို တူးဖော်ခြင်းဖြင့်လည်း ပဲခူးမြို့ရဲ့ ရေကြီးရေလျှံမှုတွေကို ကာကွယ်နိုင်မယ်လို့ထင်ပါတယ်” ဟု ဦးညိုမြင့်ထွန်းက ပြောကြားသည်။

ပြန်လည်တူးဖော်ရန် ဆောင်ရွက်နေသော ဟံသာဝတီမြို့ဟောင်း၏ ကျုံးနှင့် မြို့ရိုးများပေါ်တွင်နေအိမ်များ၊ ဌာနဆိုင်ရာအဆောက်အဦးများ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦးများရှိနေသဖြင့် ပြန်လည်တူးဖော်ရာတွင် အခက်အခဲများရှိနေကြောင်း သိရသည်။

ပဲခူးမြို့ရှိ ဟံသာဝတီမင်း နေပြည်တော်ကြီးကို ဘုရင့်နောင်မင်းတရားကြီးသည် အေဒီ ၁၅၅၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အေဒီ ၁၅၆၆ ခုတွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း သိရသည်။

ဟံသာဝတီမြို့တော်ကြီးကို လေးထောင့်ပုံသဏ္ဌာန်တည်ဆောက်ပြီး မြို့ရိုးတစ်ဖက်လျှင် အရှည် ၈၅၀ တာ (တစ်တာ=ခုနစ်တောင်) (တစ်တောင်=တစ်ပေခွဲ)ဖြင့် ကာရံတည်ဆောက်ခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။

ဟံသာဝတီမြို့ရိုး တစ်ဖက်လျှင် ဂိတ်ပေါက် ငါးခုထားရှိ၍ မြို့ရိုးလေးဘက်တွင် ဂိတ်ပေါက်၂၀ ရှိပြီး ဂိတ်ပေါက်များ၏အမည်များကိုလည်း မြို့စားများ၏ ဒေသအမည်များ အတိုင်းသတ်မှတ်ပေးပြီး တည်ဆောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent