ရန်ကုန်တိုင်းဒေသကြီးအတွင်း လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီမံချက်တစ်ခုဖြင့် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ပြောကြား

ရန်ကုန်တိုင်းဒေသကြီးအတွင်း လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီမံချက်တစ်ခုဖြင့် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ပြောကြား
Published 8 March 2018

ရန်ကုန်တိုင်းဒေသကြီးအတွင်း လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စီမံချက်တစ်ခုဖြင့် ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မတ် ၇ ရက်က ရန်ကုန်မြို့ရှိ ကုန်သည်စက်မှု အသင်းချုပ်တွင် ကျင်းပသည့် ဒုတိယသမ္မတ -၁ နှင့်လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင် ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ဧက ၁၂ သိန်းခန့်ရှိကြောင်း၊ ယင်းတို့တွင် ဆည်ရေသောက် ဧရိယာများလည်းပါကြောင်း သိရသည်။ ယခုနှစ်တွင် နိုင်ငံတော်က ဈေးကွက် ကြိုးပမ်းရှာဖွေမှုကြောင့် တင်ပို့နိုင်မှု အခွင့်အလမ်းကောင်းများ ရရှိခဲ့ကြောင်းနှင့် လယ်ယာမြေ စိုက်ပျိုးသူများလည်း အခွင့်အလမ်းကောင်းများ ရခဲ့ကြောင်း သိရသည်။

“ဒါပေမဲ့ နိုင်ငံတကာနဲ့ယှဉ်ရင် ကျွန်တော်တို့ ဘာကြောင့် အခက်အခဲဖြစ်နေတာလဲဆိုရင် ကျွန်တော်တို့မှာနည်းပညာ၊ သွင်းအားစု၊ မျိုး၊ စိုက်ပျိုးရေးနည်းစနစ်တွေ အားလုံးဟာ သမားရိုးကျနည်းတွေ ဖြစ်နေလို့ပါပဲ။ နိုင်ငံတကာအဆင့်အတန်းမီ ပြောင်းလဲနိုင်တဲ့ အခြေအနေတွေ ကျွန်တော်တို့မှာ မရှိခဲ့ဘူး။ ကျွန်တော်တို့မှာ စပါးစိုက်တစ်ဧကကို တင်း ၈၀ လောက်နဲ့ သွားနေမယ်ဆိုရင်တော့ လယ်သမားဟာ တအားရုန်းနေရမှာ ဖြစ်ပါတယ်။ ဒါကို ဈေးတိုးတောင်းမယ်ဆိုရင် စားသောက်ကုန်နဲ့ ဈေးကွက်မှာ ဒီထက်ပိုပြီး ဈေးရစရာမရှိပါဘူး။ တစ်ဧကကို တင်း ၈၀ ထွက်နေရာကနေ တင်း ၁၂၀ ထွက်အောင် ဘယ်လိုနည်းလမ်းမျိုးတွေနဲ့ အဆင့်မြှင့်တင်မလဲဆိုတဲ့ နည်းလမ်းမျိုးတွေကို ကျွန်တော်တို့ရှာဖွေရမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ဒီအခြေအနေအတွက် ရန်ကုန်တိုင်းအတွင်းမှာ လယ်ယာစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး ဖွံ့ဖြိုးလာစေဖို့အတွက် ရန်ကုန်ရဲ့ လယ်ယာစိုက်ပျိုးကဏ္ဍနဲ့ပတ်သက်ပြီး စီမံချက်တစ်ခု ပြင်ဆင်နေပါတယ်။ ရန်ကုန်တိုင်းအတွင်း ဘယ်လိုမျိုးစိုက်ပျိုးရေးကဏ္ဍအတွက် ပြင်ဆင်ဆောင်ရွက်မလဲဆိုတဲ့ Master Plan တစ်ခုကိုပြုစုပြီး ရှေ့ဆက်ဖွံ့ဖြိုးဖို့ ဆောင်ရွက်ဖို့ ပြင်ဆင်နေပါတယ်။ လယ်ကထွက်နေတဲ့နှုန်းထားက ဒီထက်တိုးမလာဘူးဆိုရင် လယ်သမားက လုပ်ရင်းမြုပ်ရင်း အခြေအနေမျိုးကို ရောက်သွားနိုင်ပါတယ်။ ဒါကြောင့်မို့ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့အညီ စိုက်ပျိုးရေးကိုလည်း တစ်ဖက်က စိုက်ပျိုးရေးကို ဖွံ့ဖြိုးတိုးတက်အောင် မဆောင်ရွက်နိုင်ရင် ကုန်ကြမ်းကို နိုင်ငံခြားကနေ တင်သွင်းရမယ့် အခြေအနေကို ကျွန်တော်တို့ ရောက်နိုင်ပါတယ်။ စိုက်ပျိုးရေးကို အခြေခံပြီး စက်မှုကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မယ်ဆိုရင် စက်မှုကဏ္ဍဖွံ့ဖြိုးရေးမှာ Supply Chain ရဲ့ Asset ဟာ စိုက်ပျိုးရေးမှာ ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီနယ်ပယ်ကို ဖွံ့ဖြိုးအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ သမားရိုးကျလုပ်မယ်ဆိုရင်တော့ မတိုးတက်နိုင်ပါဘူး” ဟု ဦးဖြိုးမင်းသိန်းက ဆက်လက်ပြောကြားသည်။

Most Read

Most Recent