သရက်ခရိုင် မင်းလှမြို့နယ် ပုသိမ်-မုံရွာလမ်းပေါ်တွင် တစ်ပတ်အတွင်း ရခိုင်ပြည်နယ်မှ ခိုးဝင်လာသူ ဘင်္ဂါလီ ၁၂ ဦး ဖမ်းမိ

သရက်ခရိုင် မင်းလှမြို့နယ် ပုသိမ်-မုံရွာလမ်းပေါ်တွင် တစ်ပတ်အတွင်း ရခိုင်ပြည်နယ်မှ ခိုးဝင်လာသူ ဘင်္ဂါလီ ၁၂ ဦး ဖမ်းမိ
Published 8 March 2018

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ် ရေနံမ နယ်မြေရဲစခန်းအပိုင် ပုသိမ်- မုံရွာလမ်းပိုင်းတွင် မတ် ၁ ရက်နှင့် ၆ ရက်တွင် ရခိုင်ပြည်နယ်ဘက်မှ ခိုးဝင်လာသူ ဘင်္ဂါလီ ၁၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် မတ် ၁ ရက်က မင်းလှမြို့နယ် ရေနံမ နယ်မြေရဲစခန်းအပိုင် ပုသိမ်-မုံရွာ လမ်းပိုင်း မိုင်တိုင်အမှတ် (၂၃၅/၄) တွင် တာဝန်ရှိ ရဲတပ်ဖွဲ့က စစ်ဆေးရာ မသင်္ကာသူ ဘင်္ဂါလီ ငါးဦးကိုတွေ့ရှိပြီး ဆက်လက်စစ်ဆေး မေးမြန်းရာ ၎င်းတို့ ငါးဦးမှာ ရခိုင်ပြည်နယ်ဘက်မှ လာရောက်သည့် ဘင်္ဂါလီများဖြစ်ပြီး ရန်ကုန်မြို့တွင် အလုပ်လုပ်ရန်အတွက် လွန်ခဲ့သည့် ခုနစ်ရက်ခန့်ကစ၍ တောလမ်းခရီးအတိုင်း ခြေကျင် လျှောက်လာခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ၎င်းဘင်္ဂါလီများကို ဥပဒေအတိုင်း အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အလားတူ မတ် ၆ ရက်ကလည်း ရေနံမ ရဲစခန်းအပိုင် ပုသိမ်-မုံရွာလမ်း မိုင်တိုင်အမှတ် (၂၅၂/၆) နှင့် (၂၅၂/၇) တွင် ရဲတပ်ဖွဲ့ တာဝန်ရှိသူများက အမာခံသတင်းပေးများ သတင်းပေးပို့မှုဖြင့် စစ်ဆေးမှုများ ပြုလုပ်ရာ ယာဉ်မောင်း စိုးမင်းထွေး မောင်းနှင်ပြီး ယာဉ်နောက်လိုက် မောင်မောင်ကျော် လိုက်ပါလာသည့် 3D/- - - - နံပါတ်ပါ Toyota Alphard MNH10 အဖြူရောင်ယာဉ်ပေါ်တွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ဘက်မှ ခိုးဝင်လာသူ ဘင်္ဂါလီခုနစ်ဦးကို တစ်ဦးလျှင် ကျပ် ၂၅၀,၀၀၀ ဖြင့် တင်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး အဆိုပါ ဘင်္ဂါလီများကို ရဲတပ်ဖွဲ့ တာဝန်ရှိသူများက မေးမြန်းမှုများ ပြုလုပ်ရာ ရခိုင်ပြည်နယ်ဘက်မှ တောလမ်းအတိုင်း ခိုးဝင်လာခြင်းဖြစ်ကြောင်း၊ ကားဖြင့် ရန်ကုန်မြို့သို့သွားရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

“မတ် ၁ ရက်ကလည်း တစ်ကြိမ် ဖမ်းမိပါတယ်။ မတ် ၆ ရက်ကလည်း တစ်ကြိမ်ပါ။ စုစုပေါင်း ခိုးဝင်ဘင်္ဂါလီ ၁၂ ဦးကို လဝက ဥပဒေနဲ့ အရေးယူမှုတွေ လုပ်ထားပါတယ်။ ကားသမားနှစ်ဦးကိုတော့ ရာဇသတ်ကြီးပုဒ်မ ၃၆၇ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ ဖမ်းမိတဲ့ ဘင်္ဂါလီတွေကတော့ ရခိုင်ပြည်နယ်ဘက်ကနေ တောလမ်းအတိုင်း ဒီဘက်ကိုလာပြီး ရန်ကုန်ကိုသွားဖို့ လုပ်ကြတာလို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်”ဟု မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးထင်အောင်လင်းက ပြောကြားသည်။

ပြီးခဲ့သည့် လပိုင်းကလည်း မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်တွင် ခိုးဝင်လာသည့် ဘင်္ဂါလီများကို ဖမ်းဆီးရမိမှုများ ရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent