လစ်လပ်နေသော ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးနေရာတွင် ဦးဝင်းမြင့်အား ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အဆိုတင်သွင်း

လစ်လပ်နေသော ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးနေရာတွင် ဦးဝင်းမြင့်အား ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အဆိုတင်သွင်း
Published 8 March 2018

လစ်လပ်နေသော ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဝန်ကြီးနေရာတွင် ဦးဝင်းမြင့်အား ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ မတ် ၇ ရက်က ကျင်းပသော ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် သမတ္တမပုံမှန် အစည်းအဝေးဒုတိယနေ့တွင် အဆိုတင်သွင်းခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်အား နိုင်ငံတော်သမ္မတမှ တာဝန်မှ ရပ်စဲလိုက်ပြီးနောက် စည်ပင်ဝန်ကြီး နေရာလစ်လပ်လျက်ရှိရာ ယင်းနေရာတွင် အစားထိုး ခန့်အပ်နိုင်ရေးအတွက် အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။

ယင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမြသန်းက “တောင်ကုတ်မဲဆန္ဒနယ်အမှတ်(၁)က ဦးဝင်းမြင့်ကို စည်ပင်ဝန်ကြီးနေရာ အစားထိုးဖို့အတွက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က လွှတ်တော်ဥက္ကဋ္ဌဆီကို တင်ပြလာတယ်။ အဲဒါကို လွှတ်တော်ဥက္ကဋ္ဌက ဥပဒေ၊ နည်းဥပဒေတွေကို လွှတ်တော်မှာ ဖတ်ပြတယ်ပေါ့။ အဲဒါနဲ့ ပတ်သက်ပြီး ၉ ရက် ညနေနောက်ဆုံးထားပြီး ကန့်ကွက်မယ့် လူစာရင်းတင်သွင်းနိုင်တယ်လို့ ကြေညာခဲ့တာဖြစ်တယ်။ တကယ်လို့ကန့်ကွက်တဲ့လူမရှိရင်တော့ ၁၂ ရက်မှာ အတည်ပြုမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဦးဝင်းမြင့်မှာ တောင်ကုတ်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ NLD ပါတီဝင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်ကြောင်းနှင့် တာဝန်မှရပ်စဲခံရသည့် ဦးမင်းအောင်မှာလည်း တောင်ကုတ်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ဦးဝင်းမြင့်က “ကျွန်တော်နဲ့ ဝန်ကြီးချုပ်နဲ့တော့ အဆက်အသွယ် မရှိပါဘူး။ ကျွန်တော့်ကိုပြောတာလည်း မရှိဘူး။ စည်ပင်ဝန်ကြီးနေရာအတွက်လည်း ဝန်ကြီးချုပ်ကို ကျွန်တော်ပြောတာမရှိဘူး။ အဲဒါကလည်း ပါတီက တာဝန်ပေးလို့ဖြစ်ပါလိမ့်မယ်။ ပါတီက တာဝန်ပေးတယ်ဆိုရင်တော့ ကျွန်တော်က လုပ်ကိုင်ရမှာဖြစ်တယ်။ ပါတီမှာလည်း ပေးတဲ့တာဝန်ကို ထမ်းဆောင်ဖို့အတွက်တော့ ပြောထားတာရှိပါတယ်” ဟု ပြောကြားသည်။

Most Read

Most Recent